တခါတရံတွင် တချို့ကိစ္စများသည် နူးညံ့မှုအားကောင်းသွားသဖြင့်
ဘာရယ်လို့တိတိကျကျ ဘာသာပြန်နိုင်ခြင်း မရှိခင်မှာပင် နှလုံးသားက အလွယ်တကူ လက်ခံပစ်လိုက်သည့်
အခြေအနေနှင့် ကြုံတွေ့တတ်ရသည်။
ထိုသို့သော ခံစားမှုမျိုးကို သွားလေသူတေးရေးဆရာ အယ်ဖြူ၏ လက်ရာဖြစ်သော
မတင်ဇာမော် သီဆိုသည့် ဧည့်သည် သီချင်းတွင်လည်း ခံစားမိလိုက်ရသည်။
ထိုသီချင်းကို စတင်ကြားဖူးစဉ်က အမှုမဲ့ အမှတ်မဲ့။ နားထောင်၍ကောင်းသော
သီချင်းတစ်ပုဒ်ဟူ၍သာ အမှတ်ထားမိလိုက်၏။ ရယ်စရာကောင်းလောက်အောင် လွဲချော်သည်မှာ သီချင်း
နားမထောင်ဖူးခင်က ထိုသီချင်းကို ဓမ္မဆန်သည့် သီချင်း သို့မဟုတ် မိခင်တစ်ယောက်၏ ရင်သွေးကလေးကို
ဖွဲ့သော သီချင်း ဖြစ်ရမည်ဟုပင် ကြိုတင်မှတ်ချက် ချထားလိုက်မိသေးသည်။
သေသေချာချာ နားထောင်ကြည့်မိသည့်အခါ အယ်ဖြူ၏ စကားလုံးများသည်
တင်ဇာမော်၏ အသံနှင့်အတူ မျက်လုံးထဲတွင် အရုပ်များ တန်းစီ၍ ပေါ်လာသည်။ ဘယ်သူ ရိုက်ကူးထားမှန်းမသိသည့်
စိတ်ကူးထဲတွင် ကြည့်ရမည့် မြူးဇစ်ဗွီဒီယိုတစ်ပုဒ် ဟုပဲ ဆိုကြပါစို့။
မျက်လုံးထဲတွင် အရင်ဆုံးပေါ်လာသည်က နယ်မြို့လေးတစ်မြို့၏ အခင်းအကျင်းနှင့်
ချစ်စရာကောင်းသော လုံးချင်းအိမ်ကလေးတစ်လုံးဖြစ်သည်။ ထိုအိမ်ကလေးထဲတွင် သိပ်မကြာသေးခင်ကမှ
အထုပ်အပိုးများ နေရာချ၍ ပြီးသွားသော ရပ်ဝေးမှ အိမ်ပြောင်းလာသော အမျိုးသမီးတစ်ယောက်
ရှိနေသည်။ ပစ္စည်းအချို့ နေရာချပြီး၍ ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးသောအခါ အိမ်ထဲရှိ
နံရံတွင်လည်းကောင်း၊ အိပ်ခန်းစားပွဲခုံတွင်လည်းကောင်း ဓါတ်ပုံအချို့ကို နေရာချထားလိုက်ပြန်ပါသည်။
ထိုဓါတ်ပုံ အများစုမှာ ရပ်ဝေးမြေခြားသို့ ရောက်နေသည့် ထိုအမျိုးသမီးခင်ပွန်း၏ ပုံများပင်ဖြစ်သည်။
“မနက်အာရုဏ်တွေထဲ နိုးထ
အရင်လိုနေရာဟောင်းလေးမှာ
မျှော်လင့်ချက်တို့ အသစ်တဖန် ပြန်လည်ပြီးတော့ ဖြစ်ပါ့မလား”
နယ်မြို့ကလေးမှ ထိုအမျိုးသမီး၏ ပထမဆုံး နံနက်ခင်းသည် ကျေးငှက်များ၊
ပန်းပွင့်များနှင့် စည်ကား၍ နေသည်။ စိမ်းသောနယ်မြေက ထိုအမျိုးသမီးကို စိမ်းကား၍ မနေ။
လေနုအေးသည် လတ်ဆတ်သည်။ ကျေးငှက်သံတို့က နူးညံ့သည်။ သစ်ပင်များနှင့်ဝန်းကျင်က စိမ်းစိုသည်။
အရာရာသည် အလွယ်တကူပင် ထိုအမျိုးသမီးနှင့် တသားထဲ ဖြစ်သွားတော့သည်။
မနက်ခင်းသည် စက်ဘီးလေးတစင်းနင်း၍ ဖြတ်သွားသော နောက်ဆုံးနှစ်
တက္ကသိုလ်ကျောင်းသားလေး၏ မနက်ခင်းနှင့်လည်း အတူတူပင်ဖြစ်လိမ့်မည်။ ထိုတက္ကသိုလ်ကျောင်းသားလေးမှာ
သည်ကနေ့အဖို့ ဇာတ်လိုက်ကျော် အမျိုးသမီးနှင့် ပထမဆုံးအကြိမ် စကားပြောဖြစ်သော သက်ရှိမြို့ခံ
တစ်ယောက်လည်း ဖြစ်သည်။
ဘာမှ ထွေထွေဆန်းဆန်း ကိစ္စရပ်များ မရှိပါ။ သတင်းစာရောင်းသူ နှင့်
သတင်းစာဝယ်သူ အသံချင်းတူရုံမျှသာ ဖြစ်ပါသည်။ သို့သော်လည်း အနည်းငယ် ထူးဆန်းသည်က သင့်တင့်သလောက်
အရွယ်ရောက်ပြီးဖြစ်သည့် နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားလေး၏ စက်ဘီးပေါ်မှ လည်ပြန်အကြည့်များပင်ဖြစ်ပါသည်။
“ကိုယ့်အိမ်ပြင်မှာ တံခါးခေါက်သလား
ဝင်လာပါလို့ မပြောရက်ပါ ဒီအိမ်လေးထဲ မင်းရဲ့ အရင်
ပိုင်ဆိုင်သူတစ်ယောက် ရှိနှင့်ပြီးသား”
အချိန်များကြာခဲ့ပြီးနောက် ရိုးရှင်းလွန်းစွာပင် ဇာတ်လိုက်အမျိုးသမီးနှင့် သတင်းစာပို့သော တက္ကသိုလ်ကျောင်းသားလေးတို့ ခင်မင်သွားကြသည်။
အမျိုးသမီးကလည်း ရိုးသားရဲရင့်စွာ မောင်ငယ်အရွယ် ချာတိတ်ကလေးတစ်ယောက်ကို ခင်မင်ခဲ့ခြင်းဖြစ်ပြီး
သတင်းစာပို့သောနောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားလေးမှာလည်း (လွပ်လပ်သူဟု ထင်မြင်ယူဆကာ)
ရင်ခုန်ရသူအနီးသို့ ရဲတင်းယုံကြည်စွာ ချဉ်းကပ်ခဲ့ခြင်းပဲ ဖြစ်ပါသည်။
“ဘယ်လိုမှ ပြင်ဆင်လို့လည်း မရ
ငါ့ရဲ့ အချစ်နဲ့ ဘဝကိုလည်း
သိမ်းဆည်းပြီးတော့ထား
အိပ်မက်တွေကို မက်ဆဲလား
ခုတော့မင်းပြန်ပါ ပြောလို့မထွက်နိုင်သေးတဲ့ ခဏ”
ကောင်လေး၏ အကြည့်များကို အမျိုးသမီးက နားလည်သွားသည့်အချိန်သည်
လိုအပ်သည်ထက် အနည်းငယ်နောက်ကျသွားခဲ့သည်။ သံယောဇဉ်သည် ထိုအမျိုးသမီးကို နားမလည်တတ်လွန်းစွာ
ရစ်ပတ်သည်။ အသက်ရှူ၍ ရနေသေးသည့်တိုင် ရေထဲမွန်းနစ်နေသူလိုခံစားရသည်။ စကားတစ်ခွန်းထဲနှင့်
ကောင်လေး၏ ခြေလှမ်းများကို ရပ်တန့်ပစ်နိုင်သော်လည်း နာကျဉ်ကျိုးကြေသွားမည့် သူဝင်လာရာ
ခြေလှမ်းများကို ကြိုတင်၍ သနားနေမိသည်။
“ဝင်လာပါ ခေါ်လို့ မဖြစ်တဲ့ ဘဝ
ပြန်ပါကွာ နှင်မပစ်ရက်တဲ့ ခဏ
တွေဝေစွာ ငါ့အခန်းလေးထဲမှာ”
အလွယ်တကူဖွင့်၍ ဝင်နိုင်သော်လည်း အလွယ်တကူ ဖွင့်ဝင်ရန် ခက်ခဲသော
တံခါးသည် သစ္စာတရား၏ နေအိမ်တွင် တည်ရှိနေပါသည်။ ထိုသစ္စာတရားမှာ အခြားတဘက်က ဂရုဏာတရား၏
ပြက်ရယ်ပြုခြင်းကို ခံနေရသောအခါ ကံကြမ္မာကို ပုံချပစ်ရန်သာ ရှိတော့သည်ဟု ထိုအမျိုးသမီးက
တွေးပစ်လိုက်မည်လားမသိပါ။ သေချာသည်ကတော့ ကြမ်းပြင်ပေါ်သို့ သတင်းစာအလိပ်ကလေး ကျသွားခဲ့ပြီးသည့်တိုင်
သတင်းစာလာပို့သည့် ကောင်လေးကတော့ သူ၏စက်ဘီး ကို ဒေါက်ထောက်၍ အိမ်အပြင်တွင် ရပ်ငေး၍နေပါသည်။
သူရပ်၍ ငေးနေသာ အိမ်ကလေးရှိတံခါး၏ တဘက်ခြမ်းတွင် ထိုအမျိုးသမီး
ရှိနေပါသည်။ တံခါးလက်ကိုင်ကို ကိုင်ရင်း ပြတင်းပေါက်လိုက်ကာကြားထဲမှ မြင်တွေ့နေရသော စက်ဘီးတစင်းနှင့်
ချာတိတ်တကောင်မှာ ထိုအမျိုးသမီးအတွက် တွေဝေလွမ်းမောဖွယ်ရာသာ ဖြစ်သည်။
“အိမ်အပြင်မှာ သူရပ်စောင့်နေလား
နာကျင်စွာ ကြေကွဲရင်း ခံစား
တွေဝေစွာ ငါ့အခန်းလေးထဲမှာ
တွေဝေစွာ”
ကျောခိုင်းသင့်သည်ဟု ဆုံးဖြတ်၍ ကျောခိုင်းပြီးသည့်ဆိုင် မကြာခဏဆိုသလို
လှည်ကြည့်ချင်မိပြန်သည်။ နေ့စဉ်ဆိုသလိုပင် အိမ်ဝင်းထဲသို့ သတင်းစာတစောင် ဘုတ်ခနဲ ကျရောက်လာမြဲ
ဖြစ်သည်။ ထိုသတင်းစာကျ သောအသံနှင့်အတူ တွဲလျှက်ဖြစ်နေသည့်အရာများမှာ စက်ဘီးတစီး၊ ချာတိတ်တကောင်နှင့်
တံခါးတချပ်၏ နောက်မှ အမျိုးသမီးတစ်ယောက်ဖြစ်သည်။
လောက၌ရှိသော တချို့ အနုပညာမြောက်သည့် နူးညံ့မှုများကို လူ့လောကထဲမှ
လိုက်နာရမည့် စံနှုန်းများနှင့် နှိုင်းယှဉ်မှု ပြုလုပ်ရန်မလိုဟုတော့ ထင်မိသည်။ ထိုသို့နူးညံ့မှုများသည်
သင့်နှလုံးသားထဲသို့လည်း အလိုလိုပင် ဝင်ရောက်လာနိုင်သောကြောင့်ပင်ဖြစ်ပါသည်။
3.3.2018
ချစ်ခြင်းမေတ္တာကို အကြောင်းပြု၍
နေမိုးဝေ