ကျွန်တော်သူ့ကို စတွေ့တော့ အတန်းထောင့်မှာရှိတဲ့ စာသင်ခုံတန်းလေးရဲ့အနားမှာ လိပ်ပြာလှလှလေးတစ်ကောင် ဝဲရစ်ပျံသန်း ရင်း ရပ်တန့်သေဆုံးသွားခဲ့တာ သတိထားမိခဲ့တယ်။ သူကသိပ်ကိုလှပလွန်းပါတယ်။ ကမ္ဘာဦးတုန်း က လူတွေ မော်ဖူး ရတဲ့ နှင်းဆီဖူးရယ်လို့ ရှိခဲ့မယ်ဆိုရင် အဲဒီလိုဝံ့ကြွားလှပမှု မျိုးတွေနဲ့ ဝံ့ကြွားလှပလွန်းတယ်။ လေပြေလမ်း ကွေးတွေ ကလည်း သူ့ရဲ့လာရာလမ်းတစ်လျှောက်ကို ကို မွှေးကြူအေးမြစေကုန်ကြတယ်။
အင်း . . . နှလုံးသားတစ်ခုကို ဒူးထောက်ကျစေဖို့ ဘယ်လို့အကြောင်းတရားတွေကို များပိုင်ဆိုင်ထားလိမ့်လေသလဲရယ်လို့ ရင်ထဲမှာ တစ်ယောက်ထဲ တအံ့တသြ မေးကြည့်မိခဲ့ဖူးတယ်။နောက်တော့လည်း အဖြေရှာမရမှန်း သိလို့ ကျွန်တော်က ကျွန်တော့ကို လက်လျှော့ဖို့ အကြိမ်ကြိမ် ဖျောင်းဖျနှစ်သိမ့်ခဲ့ရတယ်။
အတန်းတံခါးဝက ထိုင်ခုံအိုကြီးကတော့ "မိုးရာသီတွေ စကစားထဲက မင်း သူ့အနားမှာ ပြိုလဲကျခဲ့တာကွ" လို့ ကျွန်တော့ကို ပညာရှိလေသံနဲ့ လာပြောသေးတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့ကို ချစ်ဖို့ ဆိုရင် ကျွန်တော့အတွက်ကတော့ အကန့်အသတ် ရှိနိုင်မယ်မထင်။
သြော်.. ကောင်မလေးရယ် ငါ့ဘဝကို အရည်ပျော်စေတဲ့ နင့်ရဲ့ ခြေသည်းဖွေးဖွေး ကလေးတွေနဲ့တင် ငါ့မှာ ကဗျာကလေးတွေ သီကြွေးနေခဲ့မိတာပါ။တကယ်တော့ နင်နဲ့ငါ မိုးတွင်းမှာ စတွေ့ခဲ့ကြပေမဲ့ ငါ့ရင်ထဲမှာ နင့်ကို နှင်းလို့ပဲ ငါက ကြိတ်ခေါ် နေမိတတ်တယ် . . .သိလား . .။
နှင်း . .နင်သိလားနှင်းရယ် လပြည့်ညမှာ ဗိုင်းငင်တာမျိုးမဟုတ်ဘူး။ တဘဝ လုံးအတွက် အလှဆုံးဖြစ်အောင် ချစ်ခဲ့မိတာပါ မိနှင်းရယ်။
ကျောင်းဝင်းထဲမှာ မိုးတွေရွာတုန်းက ငါတိတ်တိတ်ကလေးကြိတ် ငိုနေခဲ့တုန်းက ဘယ်သူမှမသိဘူးဆိုရင်တောင် ဟိုထိုင်ခုံ အိုအိုကြီးကတော့ သတိထားမိမှာပါပဲ။ သူကငါ့ကိုဆို သံယောဇဉ်ရှိတယ်မို့လား။
ဟိုး . . . ကမ္ဘာ အစမှာ သုံးခဲ့ကောင်းသုံးခဲ့ကြလိမ့်မဲ့ မိုးဓါး တစ်ချောင်းရဲ့ အသွားနဲ့ အလွမ်းတွေအကြောင်းရေးထားတဲ့ စာလို ငါ့ကမ္ဘာ မနက်ခင်း ရဲ့ ရင်တွင်းအလင်းကို ဖွင့်ပေးဖို့အတွက် ဖြစ်နိုင်ရင် နင် ကဗျာတစ်ပုဒ်လောက် ရွတ်ပြပါ။
နင်ယုံကြည်ပေးမယ် ဆိုရင်ပေါ့ နှင်းရယ် ကံကြမ္မာ မိုးတိမ်တွေကိုတောင် စိန်ခေါ်ပစ်လိုက် ချင်တယ်။ အရေးကြီးတာ ကတော့ ကျောင်းတံခါးတွေ ပိတ်သွားခဲ့တဲ့ တိုင်အောင် နင့်ရဲ့ အပြုံးတွေ အိပ်စက် မသွားဖို့ ပါ။ ဘာလို့ဆို ငါ့ဘဝရဲ့ တန်ဖိုးဆိုတာ နင့် ကို ခပ်တိုးတိုး ခိုးကြည့်ရတဲ့ ဒဏ်ရာတစ်မျိုးမို့ ပါပဲ နှင်းရယ်။
နင်နဲ့ ဒီတက္ကသိုလ်မှာ တစ်တန်းထဲ၊ တစ်ခန်းထဲ တက်ခဲ့ကြတဲ့ တိုင်အောင် ငါတို့ သူငယ်ချင်းတွေ မဖြစ်ခဲ့ကြတာ ဘယ်သူ့ကို လက်ညိုးထိုး အပြစ်ပြောရမလဲ။ ငါဟာ ပလိုင်းပျောက်နေတဲ့ မြားတစ်စင်းလို အရာရာကို နင်းခြေပြီး ရူးခဲ့ရတယ်။ ဥပေက္ခလမ်းချိုးတွေရဲ့စစ်ပွဲမှာလည်း ကံ့ကော်ရွက် တစ်ရွက်လောက်တောင် မဖျတ်လတ်နိုင်ခဲ့ဘူး။
ဒါပေမဲ့ နှင်းရယ် နင့် ကိုလွမ်းရတဲ့ ငါ့အချစ်ဆိုတာ ကြယ်တွေ အစင်းစင်း လင်းလက်သလို ရွှန်းမြတောက်ပလွန်းတဲ့ ငွေရောင်သစ္စာဓါး တစ်လက်ပါဟာ ။
ဒီလိုနဲ့ပဲ ငါတို့ရဲ့ ကောင်းကင်က ဟိုအရင်တွေတုန်းကလို ဆောင်းရဲ့ ပတ်ဝန်းကျင်ကို ပြန်ရောက်လာခဲ့တယ်။
လေပြည်လေညှင်းလေးတွေကပြောတယ်- ဆောင်းတွင်းမနက်စောစော နှင်းတွေကျတဲ့အချိန် နင့်အပြုံးကို မြင်ကြရရင် ပန်းတွေတောင်ထိန်းမရ သိမ်းမရ ဖြစ်ကြရတယ်တဲ့နှင်းရယ်။
ဒါပေမဲ့နှင်းရယ် ငါ့ဘဝကို ငါ သီချင်းဆိုခွင့် မရခဲ့တဲ့ နေ့ရက်တွေအတွက် နင်ဘယ်လိုမျိုးကုစားပေးမှာလဲ။နှင်းမရှိပဲနဲ့ လင်းရတဲ့ ဆောင်းတွင်းည ရဲ့ သန်းခေါင်ယံလို အလွမ်းတွေနဲ့တော့ မနှိပ်စက်ပါနဲ့ဟာ။ လမင်းမလင်းတဲ့ ကျောင်းခန်းတွင်းက ရက်တွေဆို ငါငိုချင်လို့ . . .။ စာင်ခန်းတွေရဲ့ အပြင်ဘက်ဗာဒံပင်ကြီးအောက်မှာ စကားလုံးမပါတဲ့ ကဗျာတွေကို တစ်ယောက်ထဲ ရွတ်ရင်းနဲ့ လွမ်းဆွတ်ကြေကွဲ . . . နင်လည်း ကျောင်းမှန်မှန်တက်ပါဦး နှင်းရယ်။
နှင်းရယ် နင်ငါ့ကို ဘယ်လိုမျိုးကြိုးတွေ နဲ့ စိုးမိုးလို့ထားလဲ။ငါနင့်ကို လွမ်းနေတဲ့ အကြောင်း ဘယ်လို စာလုံးပေါင်းပြီး ပြောရမလဲ။
တယောသံအီအီ၊နှင်းဆီရနံ့တို့ ဖြန့်ခင်းလို့ လမင်းမလင်းသေးတဲ့ ဟောဒီ ငါ့ရဲ့ ကမ္ဘာမှာ နင်လာပြီးထည်ဝါလှည့်ပါ။ ဒဏ္ဍာရီထဲကမင်းသမီးလေးလို နှင်းရည်စက်တွေနဲ့ တည်ဆောက်ပြီးတော့ ငါ့ရဲ့ ဘဝကို တစ်ထောက်နားခွင့်ပြုပါတော့။
ဘဝတစ်ခုအတွက် အလွမ်းတွေနဲ့ချီပြီးစောင့်ဆိုင်းခဲ့ရတဲ့ကောင်ပါ။မြတ်နိုးမှုတစ်ခုထဲနဲ့ ကြိုးဝိုင်းထဲဝင်လာတာ ဘယ်တော့မှ အလံအလှဲမခံဘူးလို့ကြုံးဝါးခဲ့ဖူးတယ်။ စထွက်ကတည်းက နောက်ပြန်လှည့်မကြည့်ဖြစ် တော့တဲ့ခြေလှမ်းတွေနဲ့ ငါ့လွယ်အိတ်ထဲမှာ နင့်အပြုံးတွေကို ထည့်သိမ်းနိုင်ဖို့ဆိုပြီး နင်တို့ ရဲ့ ကောင်းကင် အသိုင်းအဝိုင်းမှာလည်း ငါကျင်လည်ခဲ့ဖူးတယ် မိနှင်းရယ်။
အခုတော့ အဲဒါတွေဟာ မစိုပဲနဲ့ညိုခဲ့ရတဲ့ မိုးတွေရယ်ပါ။ ဘဝတစ်လျှောက်လုံး အလွမ်းတွေနဲ့ပဲ လောင်ကျွမ်းခဲ့ရတဲ့ကောင်ဟာ အခုလည်း အမှောင် ထဲမှာပဲ ကျန်ခဲ့ရပြန်ပါပြီ။
ချစ်မိလို့ပဲ ငါ့အမည်က လူမိုက်စာရင်းပေါက်ခဲ့ ရပေါ့နှင်းရယ်။ တာရာမင်းဝေ ရေးဖူးတယ်လေ၊
"ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်၊ ဘီလူးနဲ့ ဘယ်လို ကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက် မမည်" တဲ့
ဆောင်းဦးလေပြည်တွေကလည်း ကခြေသည် အဆင်းနဲ့ ငါ့ကိုအတင်းစိုစွတ်ကြ။ အတန်းရှေ့ ကဗာဒံပင်ကြီးကလည်း မျက်ရည်တစမ်းစမ်းနဲ့ ငါ့ကူလွမ်း . . တကယ်တမ်းငါ လိုအပ်တာ နင်ပါပဲ နှင်းရယ် . . နင်ပါပဲ။ ငါ့ကို ချစ်တဲ့
ထိုင်ခုံ အိုအိုကြီးကတော့ ခေါင်းတစ်ခါခါ လည်တစ်ခါခါနဲ့ . .။သူတို့ ကတော့ သနားနေကြတယ်။
ဘာပဲဖြစ်ဖြစ် ငါချစ်ရတဲ့ အတန်းဖော်ကလေး ရဲ့ပတ်ဝန်းကျင်မှာ ငါ့ဘဝကို ဖြန့်ခင်း နင် ဆိုတာ ငါ့ရင်တွင်းမှာ ထာဝရလင်းသွားမယ့် အစိမ်းရောင် နှင်းဆီပွင့်တစ်ပွင့်ပဲဖြစ်တယ်။
တောင်းဆိုခွင့်ရရင်တော့ နင့်ဆီကနေ တစ်ခုလောက် တောင်းဆိုကြည့်ချင်တယ် နှင်းရယ် -
မြောက်ပြန်လေတွေ တိုက်တဲ့အခါ လေစီးကြောင်းထဲ လွင့်ဝဲလှပနေမဲ့ နင့်ရဲ့
ဆံနွယ်လေးတွေကို
ငေး ကြည့် နေ စမ်း ပါ ရ စေ ။
ငေး ကြည့် နေ စမ်း ပါ ရ စေ ။
5 comments:
ဖက်လို.ကောင်းတယ်အကိုရေ
စာလေးက တော်တော် ဖတ်လို့ ကောင်းတယ်။ ကြိတ်ရူးခဲ့ရတဲ့ အဖြစ်ကလေး ဆိုတော့ ရင်ထဲ ထိတယ်။
တချိန်ချိန်မှာတော့ ဆံနွယ်လေးတွေကို ငေးကြည့် နေရုံ သာမက မွေးကြည့်ခွင့် ပါရစေလို့ ...
hello my friend! warm greeting ^^!
your blog looks nice 0_0
by the way,
if you need to find unique fonts, you can go to our website.
best regards;
ကိုနေမိုးဝေ
မအားတာနဲ့ ဘလော့လဲမေ၇းနိင်သလို ကိုယ့်ဘလော့ကို ဒီနေ့မှ သေချာကြည့်တော့ comment မှာပြောသွားပေးတာကို တွေ့တယ် စိတ်မဆိုးပါဘူး အားမယ်ဆို၇င် ဝေဖန်အကြံပေးပါ စာကိုကောင်းကောင်း မေ၇းတတ်တာ သိတယ် ကြိုးစားပြီးေ၇းကြည့်နေတာပါ ဆက်ေ၇းဖို့က မအားတာေ၇ာ မြန်မာဖောင့်မ၇တာေ၇ာ ဟိဟိ ဆင်ခြေအမျိုးမျိုးနဲ့ မေ၇းဖြစ်ဘူး ပြော၇မယ်ဆို၇င် 'ကျွန်တော်နဲ့အလွဲ'ကိုေ၇းပြီးဘလော့မှာ comment ဘယ်သူပေးမလဲဆိုပြီးစောင့်ခဲ့တယ် ဘယ်သူမှမပေးတော့ ကိုယ့်ကိုယ်ကို ဘလော့ေ၇းတာညံ့လိုက်တာဆိုပြီး စာဆက်ေ၇းချင်စိတ်မ၇ှိတာ ပိုဆိုးတယ်
သိတာမြင်တာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပေးသွားတာ ကျေးဇူးအများကြီးတင်တယ်နော်
ငွေလမင်းဘလော့ရဲ့ ပထမဆုံးစာဖတ်ပ၇ိသတ်က ကိုနေမိုးဝေပါ ..နောက်ေ၇းမဲ့ဘလော့တွေမှာ လိုတာ၇ှိ၇င်ပြောပေးပါ..ကျေးဇူးတင်ပါတယ်
နှင်းဆီမှတ်တမ်း ကိုဖတ်တာလေ အဲဒီထဲက
"ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်၊ ဘီလူးနဲ့ ဘယ်လို ကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက် မမည်" ဆိုတဲ့စာသားကို ကြိုက်တယ် အေ၇းအသားကောင်းပြီး စာဖတ်သူကို ဆွဲဆောင်နိုင်တယ်
Post a Comment