အရူးမီးဝိုင်းရတဲ့သူ ကိုမြင်ဖူးကြပါသလား။
အဲဒီသူဟာ ဟောဒီကမ္ဘာထဲမှာ အမှန်တကယ်ရှိပါတယ်။
အဲဒီထက်ပိုပြောရရင် အာရှတိုက်မှာ။
အဲဒီထက် - အရှေ့တောင်အာရှမှာ ၊ မြန်မာနိ်ုင်ငံမှာ ၊ ရန်ကုန်မြို့မှာ ----
ပြောရရင် ကျွန်တော်ပါပဲ။
ခွေးဖြူတောမတိုးကလေးရဲ့ ကမ္ဘာ မှာ အိမ်မက်တွေ အခုတ်ပိုင်းခံရပြီးကတည်းက
တခုထဲသောချမ်းသာရာ အမှတ်တရ အစိတ်အပိုင်းတခု ပျောက်ဆုံးခဲ့ရတာပါ။
ပိုရန်ကောလို့ ကြိုက်တဲ့သူက ကြိုက်သလိုရယ်ကြမောကြလို့ ရပါတယ်။
ကျွန်တော်ကလိုက်ပြီးရန်ဖြစ်နေမှာမဟုတ်သလို စိတ်ဆိုးဖို့လည်းအစီအစဉ်မရှိပါဘူး။
သေချာတာတစ်ခုကတော့ နောက်တစ်ကြိမ်ပြန်ရဖို့ ခက်ခဲလွန်းမက ခက်ခဲတဲ့
အမှတ်တရပစ္စည်းတစ်ခုကို ပျောက်ပျက်သွားအောင်စွမ်းဆောင်နိုင်တဲ့ကောင်ဟာ
အာရှတိုက်မှာအထုံဆုံးအဖျင်းဆုံး ကျွန်တော်ဆိုတဲ့နလပိန်းတုံး ပါပဲ။
အဲဒီခြင်းလုံးသော့ချိတ်လေးဟာ ကျွန်တော်သိပ်ချစ်လွန်းတဲ့
သူငယ်ချင်းသတင်းထောက်မလေးက ပေးထားခဲ့တာပါ။တစ်ကယ်ဆိုကျွန်တော်ဟာ
အဲဒီသော့ချိတ်ကလေးကို ပျောက်ရှပျက်ဆီးသွားမှာ အရမ်းစိုးရိမ်ခဲ့တာပါ။
အရမ်းလည်းအဖြစ်သည်းလွန်းခဲ့ပါတယ်။ ဒါကြောင့်မို့ ဘယ်ကိုသွားသွား ကိုယ်နဲ့မကွာအမြဲထားခဲ့ပါတယ်။
လမ်းထိပ်ထွက်ပြီးလဘက်ရည်ဆိုင်ထိုင်တဲ့အခါမပြောနဲ့ အိမ်အောက်ဆင်းပြီးမုန့်ကလေးဘာလေးဝယ်တဲ့အခါမျိုးမှာတောင်
ကိုယ်ပေါ်မှာအမြဲပါ ပါတယ်။
ဘာလို့ဆို အဲဒီလိုမျိုး သူ့ဆီက ထပ်မရနိုင်လောက်တော့အောင်ကို သူဟာ ကျွန်တော့ကိုမုန်းနေလို့ပါပဲ။
ထားပါ သူမုန်းတဲ့အကြောင်းတွေဆိုတာဘယ်အချိန်ဖြစ်ဖြစ် ကျွန်တော်မေ့ထားတဲ့အကြောင်းတွေပါ။အခုချိန်မှာ အဲဒါတွေပိုမတွေးချင်ဘူး။
အဲဒီခြင်းလုံးကလေး သူကျွန်တော့ကိုပေးတုန်းက . . .
ကျွန်တော်သူ့ကိုချစ်နေတာ သူ, မသိသေးသလို၊သူလည်းကျွန်တော့ကို
မမုန်းသေးပါဘူး - - - - -
ဒီဇင်ဘာ။
နှင်းနဲ့
အလင်းနဲ့
ပြီးတော့မျှော်လင့်ခြင်းတွေနဲ့။
သူ့ကိုကျွန်တော်က ပွဲတစ်ပွဲကိုလာခဲ့ဖို့သေသေချာချာချိန်းထားခဲ့တဲ့အချိန်ကစတာပါ။
အဲဒီပွဲက မွေးနေ့ပါတီမဟုတ်သလို stage show တစ်ခုလည်းမဟုတ်ပါဘူး။
လူမှုရေးနဲ့ပတ်သတ်တဲ့ပျော်ပွဲရွင်ပွဲတစ်ခုပါ။
ထားပါတော့ ။ကျွန်တော်ကသေချာချိန်းသလောက်သူကတော့ မတင်မကျ ကတိပေးပြီးအဲဒီ့နေ့ မတိုင်ခင်တစ်ညမှာပဲ
အမှန်ဆို သူ ကြို ပြောပြီးငြင်းသင့်ပေမဲ့ဘာမှကို ကြိုမပြောခဲ့တာပါ။
ဒါပေမဲ့ သူဟာ သတင်းထောက်တစ်ယောက်ပါလားဆိုတဲ့အသိကြောင့် သူ့ကိုကျွန်တော်စိတ်မဆိုးခဲ့ပါဘူး
အလုပ်နဲ့ ပတ်သတ်တဲ့ခရီးတစ်ခုလို့ ထင်ခဲ့မိတာကိုး။
တကယ်တမ်းတော့မဟုတ်ခဲ့ပါဘူး။ အလုပ်နဲ့မသက်ဆိုင်တဲ့ အပျော်ခရီးသက်သက်ဆိုတာသိလိုက်ရတော့
သူကျွန်တော့အပေါ်ထားတဲ့မလေးနက်နက်မှုကိုမြင်ရသလိုရှိသွားတယ်။ ဟုတ်တော့လည်းဟုတ်ပါတယ်။
ကျွန်တော်ကသာချစ်နေရတဲ့ကောင်မို့ တလေးတနက်ဖြစ်နေပေမဲ့ သူ့အတွက်က
ထမင်းစားရေသောက်
ဒါပေမဲ့အဲဒီနောက်ရက်တွေမှာတော့ သူကျွန်တော့ဆီကိုမလာရတဲ့အကြောင်းကို လျှပ်ပို့စာတစ်စောင်နဲ့ တောင်းပန်ခဲ့သလို၊
(နောက်တစ်ခုက တခြားသူငယ်ချင်းတစ်ယောက်အတွက်လူကြုံပါးတာပါ)
ဘယ်လိုသဘောနဲ့ ဖြစ်ဖြစ် သူပေးခဲ့တဲလက်ဆောင်လေးကို ကျွန်တော်အရမ်းတန်ဖိုးထားခဲ့ပါတယ်။
နောက်ပိုင်း သူကျွန်တော့ကိုမုန်းသွားတဲ့ အချိန်မှာဆို ရှားရှားပါးပါးကျန်ခဲ့တဲ့ အမှတ်တရပစ္စည်းလေးမို့ တယုတယထားခဲ့တာပါ။
အဲဒါကြောင့်ပဲ သူငယ်ချင်းပေါင်းစုံရဲ့ အလှောင်အပြောင်ပေါင်းစုံကိုလည်းခံခဲ့ပြီးပါပြီ။
အခုဆို သော့ချိတ်ကလေးသာကျန်ခဲ့ပြီးတော့ခြင်းလုံးကလေးကဘယ်နေရာရောက်သွားမှန်းသိဖို့ ကျွန်တော်မစွမ်းသာတော့ပါဘူး။သူငယ်ချင်းတွေနဲ့အတူတူရှိရှိနေတဲ့အချိန်မှာပဲ
ပျောက်ခဲ့ရတာမို့ တစ်ယောက်ယောက်များနောက်ပြောင်ပြီးဖွက်ထားသလားလို့ထင်မိလိုက်ပါသေးတယ်
ဒါပေမဲ့အဲဒီနေ့ကအချိန်ကုန်လို့ကိုယ့်အိမ်ကိုယ်ပြန်ရောက်တဲ့အချိန်အထိ
ဘာမှမထူးခြားတာကြောင့် သူတို့မဟုတ်တာသေချာနေပြန်ရော။
ဒါပေမဲ့….
သူငယ်ချင်းတွေဖွက်ထားတာပဲဖြစ်ပါစေလို့ သိစိတ်နဲ့ရော မသိစိတ်နဲ့ ပါ ဆုတောင်းနေမိတာပါ။
အလွမ်းတွေနဲ့ချည်း အမှောင်ဖုံးနေရတဲ့အထဲ မျက်စိပါကွယ်ခဲ့ရပြီ။
အခုဆို ကျွန်တော် ခေါင်းမမော့တတ်တော့ဘူး။
No comments:
Post a Comment