Feb 19, 2016

အဝေးကြီးကလာရတယ် (၁၆)

 လေပ်ါကွန်ယက်ထဲက
သတင်းစကားတွေကို

မျက်နှာချင်းဆိုင်ပြောကြဆိုကြ။
တယ်လီဖုန်းနဲ့ ပြောကြဆိုကြ။
ခရီးသွားဟန်လွဲပြောကြဆိုကြ။

ဒီလိုနဲ့ပဲ
တဦးကိုတဦး ဝေးသွားလိုက်ကြတာ။
 

လေထဲမှာပေါ်လာတယ်။
လေထဲမှာပျောက်ကွယ်တယ်။
လေထဲမှာပဲနွေးထွေးတယ်။
 

အဝေးကြီးကလာရတယ်။




နေမိုးဝေ

23.1.2016

အဝေးကြီးကလာရတယ် (၁၅)


အကွာအဝေးရှိသလောက်
ဝေးတယ်
ဘာသံမှ မကြားရလောက်အောင်
ဝေးတယ်
မီးရထားကြီးစီးပြီး

ဝေးတယ်
လေယာဉ်ပျံကြီးစီးပြီးလည်း
ဝေးတယ်
မျက်စိတဆုံးကနေ သံသရာအဆက်ဆက်

ဝေးကြရတယ်။
 

ကျောချင်းကပ်ထားရုံထက်
ဘာမှပိုမတတ်နိုင်ခဲ့ဘူး . . .

အဝေးကြီးကလာရတယ်။

နေမိုးဝေ
13.1.2016

အဝေးကြီးကလာရတယ် (၁၄)

အပေါင်းအသင်းသံယောဇဉ်နဲ့
တချို့ညခင်းတွေကို အကုန်လုံးသိမ်းပိုက်ဖို့
အဝေးကြီးကလာရတယ်။

ဝင်းမင်းထွေးရေးပြီး
ဇော်ဝင်းထွဋ်ဆိုတဲ့သီချင်းတွေကို
ဖရေဇာလမ်းတလျှောက်မှာ နားထောင်ရဖို့
အဝေးကြီးကလာရတယ်။

ရိုးရိုးရှင်းရှင်းနဲ့ပဲ ဆန်းပြားပစ်ခဲ့ပြီး
ဆယ်စုနှစ်ကို နှုတ်ယူပစ်ခဲ့ပြီး
နီယွန်မီးရောင်တွေထဲ နှစ်မြှုပ်ပစ်ခဲ့ပြီး
အကျယ်လောင်ဆုံး ဟစ်အော်ရစ်ခဲ့တယ်။

သမ္မုတိ၊ပရမတ္ထ အစုန်အဆန်ခရီးဟာ
အဝေးကြီးကလာရတယ်။

နေမိုးဝေ

 8.1.2016

အဝေးကြီးကလာရတယ် (၁၃)

တခါတရံမှာ အသိပညာဟာ
ဦးတည်ချက်မရှိဘဲ
ပွဲဈေးတန်း လမ်းလျှောက်ရသလို။

စက်ယန္တယားတွေဟာ
ခုံမင်စရာမကောင်းဘူး။

ရယ်သံတွေဟာ
ပျော်ရွှင်စရာကောင်းဘူး။

ခြေရာချင်းထပ်နေတာ
လွမ်းမောစရာမကောင်းဘူး။

ပွဲသွားပွဲလာတွေ
အများကြီးကြားထဲမှာ . . .။

အဝေးကြီးကလာရတယ်။

နေမိုးဝေ
21.12.2015

အဝေးကြီးကလာရတယ် (၁၂)

ဘယ်ဘူတာမှာမှ မရပ်နားဖြစ်တဲ့
အနှစ်သုံးဆယ်ရထားဟာ
ခံစားချက်သက်သက်နဲ့ပဲ
အမြဲတမ်း ခုတ်မောင်းတယ်။

ပြာရီမှုံဝါးခဲ့ပြီးမှတော့
ဘာနဲ့မှ မနီးနိုင်တော့ဘူး။
ဂျုံးဂျုံးဂျက်ဂျက်နဲ့ပဲ
ဂျုံးဂျုံးကျလာတယ်။

ဂငယ်လိုကွေ့တယ်
ထုပ်တန်းလိုဖြောင့်တယ်
ရုပ်ကိုလည်း အတ္တစွဲတယ်
ဝေဒနာကိုလည်း အတ္တစွဲတယ်။

ခံစားချက်သက်သက်နဲ့
အမြဲတမ်းခုတ်မောင်းလာတဲ့ ရထားဟာ
တနေနေရာရာမှာတော့
ဆိုက်ကပ်လိမ့်ဦးမယ်။

အဝေးကြီးကလာရတယ် ။

နေမိုးဝေ
15.12.2015

Dec 9, 2015

အဝေးကြီးကလာရတယ် (၁၁)


 မိုင်သန်းပေါင်းများစွာ အထိ
တိတ်တိတ်လေးစီးဆင်းခဲ့တာ။
ကိုယ့်အဝိဇ္ဇာနဲ့ကိုယ်။

ပြန်လှည့်ကြည့်တော့
ချော်ရည်ပူတွေ

အသံမထွက်တတ်တဲ့ ခရီးတာဟာ
အဝေးကြီးကလာရတယ်။

ခေါင်းညိတ်တယ်၊ ခေါင်းခါတယ်။
မျက်နှာကို တဘက်လှည့်ထားတယ်
မမဲ့တတ်တော့ဘူး။

ပြုံးတော့ပြုံးထားတယ်။

ပြန်မရှင်နိုင်တော့ဘူး။

အသေ။

နေမိုးဝေ
9.12.2015

အဝေးကြီးကလာရတယ် (၁၀)


 မထားခဲ့နိုင်မှန်းသေချာပြီးတဲ့နောက်
နာမ်ရုပ်သက်သက်ရဲ့အလေးချိန်ဟာ
အဆမတန်လေးလံရင်း . . .

အဆုံးနဲ့ အစကို ရေတွက်ကြည့်တော့
ကြားကာလတွေက
တဖြည်းဖြည်းများလာ။
ကိုယ်က ကိုယ့်ကိုပြန်တွေ့ဖို့
ကိုယ့်ကို ကိုယ်ကပြန်တွေ့ဖို့
လမ်းနှောက် ခြေပျောက်နဲ့
ဘယ်ကိုမှမရောက်တဲ့ ဥသြသံဟာ
တခုတည်းသော ဆိပ်ကမ်းကလေးဆီကိုပါ။
အဝေးကြီးကလာရတယ်။
အဝေးကြီးကလာရတယ်။
အဝေးကြီးကလာရတယ်။

နေမိုးဝေ
20.11.2015

အဝေးကြီးကလာရတယ် (၉)


သမုတိရဲ့ အဝန်းအဝိုင်းမှာ
အရာရာဟာ ဟောင်းနွမ်းလွယ်။
တည်ဆောက်ထားသမျှ
ပြိုလဲသွားရင်
ဘယ်လိုအင်အားမျိုးနဲ့
တွန်းလှန်ကြမလဲ။
ခရီးကရှည်လွန်းတော့လည်း
မောဟိုက်လို့်  တုန်ရီလို့
အဝေးကြီးကလာရတယ်။
သွားလေရာ ခရီးတလျှောက်
ပန်းများပွင့်ပါစေ။
မင်းမှန်ပါစေ။
ငါမှားပါစေ။

နေမိုးဝေ
7.11.2015

Sep 23, 2015

အဝေးကြီးက လာရတယ် (၈)


နတ် က ရာ ကြည့်မော ...

ဟိုမှာဘက်ဆီ
သည်မှာဘက်ဆီ။


လက်သီးဆုပ်ရင်း၊ တောက်ခေါက်ရင်း။
အံကြိတ်ရင်း၊ ဆဲရေးရင်း။

ပြုံးတော်မူပါ အရှင်ကြီးခင်ဗျာ။

တခါတလေ ကိုယ့်မှာတယောက်ထဲ
အဝေးကြီးကို ရောက်သွားတယ်။

အသိဉာဏ်ရဲ့ အပြင်ဘက်
မိုင်ပေါင်းများစွာ။

အဝေးကြီးက လာရတယ်။

နေမိုးဝေ
21.9.2015

အဝေးကြီးက လာရတယ် (၇)


 ရုပ်ရှင်တခုလို
စီကာပတ်ကုံး ရီငေးတွေးကြည့်တဲ့အခါ
ရုပ်သေပြကွက် တကွက်စာ
စွန်းထင်း ကျန်ရစ်တယ်။


ဇာတ်ကြောင်းတခုလုံးဟာ
ပြန်ပြောပြလို့ မရဘူး။

တသံသရာလုံး
အမိုက်တွေနဲ့မို့
မှောင်။

ရှူထုတ်လိုက်တဲ့ သတိဟာ
နှာသီးဖျားဝ မရောက်ခင်မှာ
စကြာဝဠာ အပြင်ဘက်အထိ
မျောလွင့်ဝေးကွာ . . .

အဝေးကြီးက လာရတယ် ။

နေမိုးဝေ
19.9.2015