Mar 5, 2010

နရီပျောက်ဆုံးခဲ့သောအပြာများ

လွယ်လွယ်ကူကူ ရရှိခြင်း၌ တန်ဖိုးမထားတတ်ကြဟု လွယ်လွယ်ကူကူ ဆုံးဖြတ်ချက်ချသူများ
နှင့်ပြိုင်၍ စကားပင် မပြောချင်သော်လည်း ထိုသူများနှင့် တစ်လေထဲ ရှူနေရ၍ ကျွန်တော်က နာလှသည်။
“ အချိန်ကာလနှင့် အချိုးချ၍ သတ်မှတ်ရအောင် ဘဝ ဆိုတာ အဟောင်းဆိုင် က ပစ္စည်း မှ မဟုတ်ပဲ ”
ဒါဆို ဘဝဆိုတာဘာလဲ။ အမျိုးမျိုးဖြစ်နိုင် ပါသည်။ ထို့ကြောင့် ဘာမှမဖြစ်နိုင်တော့ပါ။
“ တော်ပြီ၊ ဒီအကြောင်း ဆက်မဆွေးနွေးတော့ဘူး သောက်စကားကိုများတယ် ”

မလာပါနှင့်၊ ကော်ပြန့်ကြော် မစားချင်ဘူး။ ဘာမှလည်းမစားချင်ဘူး၊ ရှိပါစေတော့ ကော်ဖီတစ်ခွက်
နှင့်ပဲ ကျေနပ်လိုက်တော့မည်။ သြော်မေ့လို့ လန်ဒန်တစ်ပွဲဆွဲခဲ့ဦး။ ခွီးတဲ့မှပဲ ငါဆေးလိပ်မသောက်တာ
ကြာပြီပဲ။အင်း . . .သောက်ရင်တောင် လန်ဒန်ကမရှိဘူး။ရှိရင်လည်းဈေးကြီးမှာပေါ့။ သွားတော့မယ်။

ရေဝေးရှိ မီးသင်္ဂြုလ်စက်ရှေ့ ၌ ချစ်သူကို သတိရမိခြင်းသည် ကဗျာသိပ်မဆန်ဟု တွေးမိသောအခါ
ကျွန်တော် နည်းနည်းရူးသွား၏။ ထိုအနည်းငယ်သောကိစ္စလောက်နှင့်တော့ဖြင့် ဆရာဝန်များအားသွား၍
ဒုက္ခ မပေးတော့ပါ။ နေအလွန်ပူသည်။ ကျွန်တော့မှာ ထီး မပါခဲ့တာသတိရမိ၏။

ယာယီအားဖြင့်ခေါ်ဆိုမရကြောင်း လူကြီးမင်းအား ပြောဆိုခြင်းမှာ ကွန်ယက်စနစ် အလုပ်ရှုပ်ခြင်းဖြစ်၏။
ကော်မှုန့် တစ်ထုပ်ပြေးဝယ်ရဦးမည်။ မနေ့ကတော့ ပြသနာမရှိ။ထိုသို့ဆိုလိုက်ခြင်းကြောင့်တော့ဖြင့် ယနေ့ ပြသနာအနည်းငယ် ရှိကောင်းရှိလိမ့်မည်ဟု သင်ယူဆက မှားလိမ့်မည်။

အချိန်ကာလတစ်ချို့ နှင့်ရင်းနှီးကုန်ဆုံးသွားပြီးသည်၏ နောက်တွင် ကျွန်တော်က ထိုလူများနှင့် အပြီးတိုင် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို လိုက်နာပေးခဲ့သူမှာ ကျေးဇူးတင်စရာကောင်းသည့် ကျွန်တော့ ချစ်သူပင်ဖြစ်သည်။

လောက၌ အဖြောင့်တိုင်းသာ စဉ်းစားတွေးခေါ်တတ်သူများအား ဖယ်ထုတ်ပစ်ချင်မိသည်။ သင်သည် အဖြူမဟုတ်က အမည်းသာဖြစ်ရမည် ဟုဆုံးဖြတ်တတ်သူများထဲတွင် ပါဝင်သည်ဆိုပါက ဤစာစုအား ဆက်လက်ဖတ်ရှုခြင်မပြုပါနှင့်။ စိတ်မကောင်းပါ မိတ်ဆွေ အဖြူ မဟုတ်သော်လည်း အမည်းရောင်အပါအဝင် အခြား မည်သည့်အရောင်မဆို ဖြစ်နိုင်ပါသည်။(အမှား၊အမှန်၊ဓမ္မ၊အဓမ္မ စသည့် တရားများနှင့်မသက်ဆိုင်)

ကိုယ့်ကိုယ်ကို ဘာကြီးကွ၊ညာကြီးကွ နှင့် ကြွေးကြော်သူများနှင့်လည်း တွေ့ကြုံဘူးသေးသည်။ထို
ဘာကြီး၊ ညာကြီးများ သည် ဘာညာကြီးများသာဖြစ်ကြောင်း သက်သေမပြလိုတော့ပါ။ ပျင်းစရာ ကောင်းလွန်းလှပါသည်။

တော်ပါပြီ ဒီလောက်နှင့် ပဲကြောက်သွားပါပြီ။ ဘာညာကြီးတွေရော မဖြူမည်းကြီးတွေပါ အတူတူပဲ
ဖြစ်သည်။ ထိုလူ့တစ်လမ်းသွားများနှင့် စောစီးစွာ လမ်းခွဲမိခြင်းကပဲ ကျွန်တော့ဘဝ၏ ချိုမြန်ခြင်းတချို့ ဖြစ်ပေလိမ့်မည်။

ကန်စွန်းရွက်ဈေး တက်ခြင်းမှာ ဒေါ်လာဈေးတက်ခြင်းကြောင့် ဖြစ်သည် ဟုဆိုခြင်း နှင့် ညောင်ဦး
ကမ်းပါး ပြိုသောအခါ စမ္ပါနဂို မှ နွားမ ပေါင်ကျိုး သည် ဟုဆိုခြင်းတွင် မည်သည့်စာကြောင်းက ခေးအော့ သီအိုရီ
နှင့် အကျူံးဝင်နိုင်သနည်း။ အရမ်းကြီးမဟုတ်ပေမဲ့ နည်းနည်းတော့သိချင်သည်။မသိရလည်း သိပ်တော့ အရေးမကြီးပါ။ ကျွန်တော်က နည်းနည်း ရူးနေသူဖြစ်ကြောင်း အထက်တွင် ဖေါ်ခဲ့ပြီးဖြစ်သည်။

တကယ်တော့ လောကဆိုတာမာယာတွေပါပဲ။ အဲဒီမာယာတွေကိုမှ ခုံမင်မိနေသမျှ အန္ဓ များပဲ
ဖြစ်သည်။ သက္ကာယ ဒိဌိ ဆိုတာပြုတ်ဖို့ နေနေသာသာ ဘာမှန်းတောင် ကွဲသည် မဟုတ်သေး ။

လောက၌ မနက်ဖြန်များ သေသောအခါ ကျွန်တော် ကပြန်လာနိုင်တော့မည် မဟုတ်ပါ။
လောလောဆယ်တော့ သွားပါဦးမည်။ မနက်ဖြန်တွေကတော့ မကုန်နိုင်သေးပါ။ ကျွန်တော်ကတော့ အချိန်မရွေး
ကုန်ဆုံးသွားနိုင် ပါသည်။

ဘာပဲဖြစ်ဖြစ် ပြောစရာတွေကတော့ တော်တော် များများ ပြောချင်သေးသည်။ ကျွန်တော် ချစ်ရသည့် ကောင်မလေး အကြောင်းပဲဖြစ်ဖြစ် ပြောစရာအတော်အတန် ရှိပါသည်။ သို့သော်ကျွန်တော်က စကားလုံးများကို အယုံအကြည် မရှိနိုင်တော့ချေ။

နျူလက်နက်တွေ အကြောင်း ဖြစ်ဖြစ်၊အိုဘားမား အကြောင်းဖြစ်ဖြစ်၊ ကိုမင်းကိုနိုင် အကြောင်းဖြစ်ဖြစ်၊
သဘာဝပတ်ဝန်းကျင် အကြောင်းဖြစ်ဖြစ်၊ အနည်းဆုံးတော့ ရပ်ကွက်လူ ကြီးမကောင်းကြောင်း အတင်းစကား
ဖြစ်ဖြစ် …….ဖြစ်ဖြစ်။

စကားလုံးများ ကို လွန်မြောက်ပြီးဖြစ်သော တစ်နေ့တွင်တော့ ကျွန်တော်က ခင်ဗျားတို့ကို ပြောပြစရာ အများကြီး ရှိသေးကြောင်း သတင်းကောင်းပါးလိုက်ပါ ရဲ့။

4 comments:

ညလင်းအိမ် said...

ထောက်ခံတယ်...

littlebrook said...

နောက်တစ်ကြိမ်ပြန်ဖတ်ဦးမယ်ဗျာ ..

littlebrook said...

နောက်တစ်ကြိမ်ပြန်ဖတ်ဦးမယ်ဗျာ ..

jr said...

ကောင်းတယ်။
သေချာဖတ်သွားပါတယ်။