Dec 20, 2010

နှင်းရည်စိုလူး မနက်ဖူးသစ် ကျွန်တော် အရူးအမူး နှစ်သက်ရတဲ့ ချစ်သော ဒီဇင်ဘာ။

ဒီဇင်ဘာရဲ့ဆောင်းလေဟာ တိမ်သားစိုစိုတွေ တပွေ့တပိုက်နဲ့ ကျွန်တော့်ကို ဖြန်းကနဲရိုက်ပြီးနှုတ်ဆက်လာတယ်။
လေထဲမွှေးပျံနေတဲ့ ရနံ့ဆန်းတွေဆိုတာ တစ်နှစ်လုံးမှာဟောဒီ ဒီဇင်ဘာလတစ်လထဲမှာပဲ ကြုံတွေ့ခွင့်ရတာပါ။
အရိုးသားဆုံးသီချင်းတွေကို ဆိုလို့ ကျွန်တော့ရင်ခွင်ထဲကို တစ်တိတိတိုးဝင်လာခဲ့ . . တာ
ဒီ . . .ဇင် . . .ဘာ ။
နှင်းရည်စိုလူးမနက်ဖူးသစ် ကျွန်တော်အရူးအမူးနှစ်သက်ရတဲ့ ချစ်သောဒီဇင်ဘာ။
နတ်ဖုရားမပေါင်း ထောင်သောင်းများစွာဟာဒီဇင်ဘာကို နှင်းရည်အလင်းနဲ့သက်ဆင်းကခုန်ပူဇော်လေသလား။
ကမ္ဘာမြေစောင့် နတ်မင်းကြီး ကရော ဘယ်လိုများ ပူဇော်မှာပါလိမ့်။

ကျွန်တောကတော့ နှင်းတမှုန်မှုန် နဲ့ ဒီဇင်ဘာရဲ့ ညရောင်စုံ မှာ ကိုယ့်ကိုယ်ကိုယ် နှင်းပွင့်ဖတ်ကလေးတစ်ခုအဖြစ်
စိတ်ကူးယဉ်ကြည့်ဖူးတယ်။
ငါဟာ . . နှင်းပွင့်ဖတ်ကလေး တစ်ခုဖြစ်တယ်...........ပေါ့။
မှောင်ရီသီမျောတဲ့ တစ်ခါသောညမှာပဲ နှင်းဖေဖေ၊ နှင်းမေမေ တို့ နဲ့အတူ ဟိုး. . .အဝေးကြီးကနေ ကမ္ဘာဆိုတဲ့ မြေ ကြီး
ဆီကို တွဲခိုမျောလွင့် ရင်း လေနဲ့အတူ စီးနှင်ခဲ့တယ်။
အိုး.... တစ်ကိုယ်လုံးလွပ်လပ်ပေါ့ပါးလို့။ တလွင့်လွင့် မျောနေတဲ့ လေစီးကြောင်းနဲ့အတူ ဦးတည်ရာ ဒေသတွေကလည်း
သူတစ်ရွာ ငါတစ်ကျောင်းပေါ့။ အောက်ကို ရောက်လာလေလေ အမှောင်ပိုင်းက နက်ရှိုင်းလာလေလေ။
တစ်ချက်တစ်ချက် မြင့်သွားလိုက် တချက်တစ်ချက် နိမ့်ဆင်းလာလိုက်နဲ့ ။ လွင့်ရင်းမျောရင်းနဲ့ အမှောင်ထုက တဖြည်းဖြည်း သိပ်သည်းမှုတွေလျော့လာတယ်။ ဒီတစ်ခါကျ အောက်ရောက်လေလေ အမှောင်သားက ပါးလာလေလေ။ တစ်ချို့က မြေကြီးပေါ် သက်လျှောသွားတယ်၊ တချို့ကျ မြစ်ပင်လယ်ထဲ တစ်စတစ်စ ပစ်ဝင်သွားကျ။ ငါကတော့ မြက်ပင်ငယ်ငယ် ကလေး ရဲ့ အဖျားပေါ်မှာ။ အလင်းအားများလာလေလေ တခြားနှင်းလောကသားတွေနဲ့ အဆက်သွယ် ပိုမရလေပဲ။ ငါကတာ့ မြက်ဖျားနှင်းကလေးအဖြစ် အိပ်ပျော်နေလို့ပေါ့။

အခုလိုယဉ်ကျေးပေါ့ပါး လွန်းလှတဲ့ စိတ်ကူးမျိုးကို ဘယ်ရာသီမှာ မှ ရရှိနိုင်မှာ မဟုတ်ပါဘူး
ကျွန်တော် သိပ်သဘောကျတဲ့ ဆရာတာရာမင်းဝေ ကတော့ဒီလို ရေးဖူးတယ်။ နှင်းဆောင်းထားတဲ့ ဒီဇင်ဘာဟာ လောကထဲကို တစ်နှစ်တစ်ခေါက် မှန်မှန် ရောက်လာတတ်သည် တဲ့။ ကျွန်တော်ကတော့ ဆောင်းဖန်ဆင်းထားတဲ့ ဒီဇင်ဘာသီချင်းဆိုတာ အသံတိတ် တစ်ယောက်ထဲလွမ်းဆွေးနေရတာမျိုးလို့ပဲ သတ်မှတ်ထားပါတယ်။


လွမ်းတဆိမ့်ဆိမ့် ဒီဇင်ဘာတံဆိပ် ကပ်နှိပ်ထားတဲ့ ညနေရီရီတွေမျိုးမှာဆို လဘက်ခြောက်ကောင်း ခပ်ထားတဲ့ ခပ်နွေးနွေး ရေ ကို အရသာခံသောက်ရင်း . . ဂီတနတ်သံကိုစောညိန်းရဲ့ ဆောင်းနတ်မယ်သီချင်းကို မျက်လုံးကလေး မှေးစင်းပြီး နားထောင် ကြည့်စေချင်ပါတယ်။ မူရင်း မောင်မောင်ညွန့် အသံနဲ့ ပဲဖြစ်ဖြစ်။ ကဗျာဆရာ ဇာတ်မင်းသားလေး မန္တလေးသိန်းဇော်ပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်သူမဆို ဒီလိုအရသာမျိုးကို အနည်းဆုံး တစ်ခါလောက်ပဲဖြစ် ဘဝမှာ ကြုံဖူးသင့်တယ်လို့ တော့ ကျွန်တော်ထင်မိတယ်။ ကျွန်တော့ အထင်သက်သက်ဖြစ်တာမို့ ကြိုက်သလို လွပ်လပ်စွာ ကွဲလွဲလို့တော့ ရနိုင်ပါတယ်။


ဆောင်းနတ်မယ်လျ
မြောက်ဆီကသာ
ကင်းစလေဦး မြူးခါကခါ
ခြုံလွှာငွေနှင်းပွင့်ကို
လွင့်ကာလွင့်ခြွေလို့
တစ်ကိုယ်ရေပင်ပန်း
မောင့်ကိုပက်ဖျန်း
အကြည်စယ်ကြမ်းလှတယ်။

ဒီဇင်ဘာညချမ်းတွေဟာ အချို့ အလွမ်းတွေကို အနာရင်းစေတတ်ပြန်ပါတယ်။ အဲဒီအလွမ်းအဆွေး မျိုးတွေကပဲ ကိုစောညိန်းလို ပုဂ္ဂိုလ်မျိုးအတွက် အခုလိုပြောင်မြောက်တဲ့ စကားလုံးနဲ့ သံစဉ်တွေကိုများမှော်ဝင်စေခဲ့သလားလို့။

နှင်းရည်စိုလူးခဲ့ရာ စိတ်ကူးများအတွက်
ကျွန်တော် အရူးအမူး နှစ်သက်ရပါတဲ့
အို. . .
ချစ်သော ဒီဇင်ဘာ . . . ။

2 comments:

Anonymous said...

ကျနော်တော့ .. ဒီလိုအက်ဆေးမျိုး ဒီလိုစကားလုံးမျိုးနဲ့ မရေးနိုင်ဘူး ဟေ့လူကြီးရ

littlebrook

jr.lwinoo said...

ရာသီစာတွေထဲမှာ အကြိုက်ဆုံးတွေထဲက တစ်ပုဒ် ..
စာများများရေးနိုင်ပါစေ။

ခင်မင်လျှက်