May 15, 2011

အဝေးပြေးကောင်းကင်

(၁)

“နင်ငါ့ကို ဘယ်တော့မှ ထပ်ပြီး ဆက်သွယ်ဖို့မကြိုးစားနဲ့တော့”



ဟိုး…လွန်ခဲ့တဲ့ ဆယ်နှစ်။ ပျောက်ရှပြယ်လွင့်ပြီးခဲ့တဲ့အချိန်တွေကဖြင့် ကြာခဲ့တာ မနည်းတော့ဘူး။

ဒါပေမဲ့ကျွန်တော်ကဒီနေ့ထိသူ့စကားကိုလွန်ဆန်နိုင်ဖို့ သတ္တိမရှိသေးဘူး။

“ယု” ဒီစကားကို ပြောတုန်းက သူရောကိုယ်ပါ ဆယ့်ကိုးနှစ်အရွယ် တက္ကသိုလ်ဒုတိယနှစ်စာမေးပွဲ ဖြေခါနီးအချိန်။

ဖြည်းဖြည်းချင်းတွေးတော့ မြင်ကွင်းထဲမှာ အဖြစ်အပြက်တွေက စီတန်းပြီးပေါ်လာတယ်။

လေးဖြူသီချင်းထဲကလို တချို့နေရာတွေက အကောင်းအတိုင်း ပြန်မြင်နေရတုန်းပါပဲ။

တကယ်တမ်း ကျွန်တော်က သူ့အပေါ်ကျူးလွန်ခဲ့တာ အပြစ်တစ်ခုဆိုရင်တောင်

ခွင့်လွတ်ပေးလို့ရတဲ့ အဖြစ်မျိုး။ဒါပေမဲ့ ကျွန်တော်က ပေါ့ပေါ့ဆဆ သဘောထားခဲ့မိတယ်။



x x x x x x x x x x



စာမေးပွဲတွေနီးနေတဲ့ အချိန်မို့ အဲဒီနေ့က ကျောင်းထဲမှာ လူတွေက သိသိသာသာ ရှင်းနေတယ်။

ကျွန်တော်တို့ သူငယ်ချင်းတစ်စုကတော့ ဌာန မှာရှိတဲ့ အတန်းလွတ် တစ်ခုထဲ စာစုကျက်နေခဲ့တာပါ။

ကျွန်တော်ရယ် ရဲမိုးရယ် သန်းဇ်ာဌေး ရယ်က တစ်လိုင်း။ အရှေ့မှာ အောင်ကြီးက တစ်ယောက်ထဲထိုင်နေတာ။

ကျွန်တော်တို့ နောက်ကခုံမှာ သူရယ် ဝင့်ဝါဖြိုးရယ် ကေသီရယ် သုံးယောက်ထိုင် ကြတာပါ။

ဟိုးဘက်ထောင့်မှာတော့ ကျွန်တော်တို့ အတန်းထဲက လွင်ကိုနဲ့ ကောင်းမြတ်တို့နှစ်ယောက်ရှိနေတယ်။

သူတို့ကလည်း သူငယ်ချင်းတွေပေမဲ့ ကျွန်တော် တို့ အဖွဲ့ ကို သိတတ်စွာနဲ့ လာပြီး မပေါင်းပါဘူး သိပ်မှ မခင်ပဲကိုး။



စာကြည့်နေတယ် ဆိုပေမဲ့ ကျွန်တော်တို့ ရဲ့ အသံတွေကို နားထောင်ကြည့်ရင် ကျောင်းစာနဲ့ ပတ်သတ်တဲ့ အကြောင်းကို

ကြားရမှာမဟုတ်ပါဘူး။



“မင်းရဲ့ စီးပွားကူးသန်း ကဘယ်လောက်ကောင်းကောင်း ဘဏ္ဍာအခွန်ကို မှီလို့လားကွာ၊ အောင်အောင်ဦးတောင်

စီးပွားကူးသန်း ကနေ ဘဏ္ဍာအခွန်ကို ပြောင်းလာတာ ကြည့် အဲဒီမှာဆိုရင် သူ ဒီလောက်တောင်ဖြစ်လာမှာမဟုတ်ဘူး”



ရဲမိုးကပြောတော့ အနောက်က ကေသီက ဘုမသိ ဘမသိ ဝင်ထောက်ခံတယ်။

သူကဖြင့်ဘောလုံးဆိုတာ လက်နဲ့ ပုတ်တာရယ်ခြေထောက်နဲ့ ကန်တာကို တောင် ကွဲတာမဟုတ်ဘူး။

ဒါပေမဲ့ ဒင်းတို့နှစ်ယောက်က လူတကာ အမြင်ကပ်အောင် တစ်ယောက်ကို တစ်ယောက် ချစ်ကြတဲ့ဘူတွေ။

ရဲမိုးက ကေ . . ဆိုတာနဲ့ “ဟုတ်” ပြီးသား။



ကျွန်တော်ကတော့ . . . ကျွန်တော် ယု ကိုကြိတ်ပြီး ချစ်နေတယ် ဆိုတာ တစ်ဖွဲ့လုံး သိပြီးသား လျှို့ဝှက်ချက်ပါပဲ။

ကျွန်တော့ဘက်က သူ့ကို ဖွင့်မပြောရသေးပေမဲ့ တစ်ဖွဲ့ လုံးက တော့ အတွဲတွေလို သတ်မှတ်ထားကြတာ။

တစ်ခါတစ်ခါဆို ကိုယ့်ကိုယ်တောင် ပြန်ပြန် မေ့နေတတ်တယ်။



ကျွန်တော်တော့ သူ့ကို ဖွင့်မပြောဖြစ်တာ အကြောင်းရှိပါတယ်။ ဟိုးငယ်ငယ်အထက်တန်းကျောင်းတက်ထဲက

ခင်ခဲ့ကြတဲ့ သူတွေမို့ သူ့အကြောင်း ကို တော်တော်များများ သိထားလို့ပါပဲ။





ဟုတ်တယ် ယုရယ် နင်က စိတ်အပြောင်းအလဲ အရမ်းမြန်တယ်။တစ်ခုခု ကို အမှတ်သည်းခြေကြီးတတ်တယ်။

တစ်ခါတစ်ခါစိတ်ကောက်ရင် တော်တော် နဲ့ မပြေတတ်ဘူး။တစ်ခါတစ်ခါဆို ငါ့ကိုနင်က မိန်းမတစ်ယောက်လို

သဘောထားတတ်တယ်။ ပြီးတော့ နင် ငါ့ကိုဆို အရမ်းအနိုင်ကျင့်တတ်တယ်လေ။



ဟိုးရှေ့ ဆုံးတန်းမှာ ထိုင်နေတဲ့အောင်ကြီးက ကေသီ့ကို လှမ်းနောက်တယ်။



“ဟဲ့ ကေသီ နင် ငရဲ ပြော တာဘာမှန်း သိလို့ လား ဟိုကပြောတိုင်း လိုက်ဟုတ်နေရအောင်”

“အောင်မာ ငါက ဘာလို့မသိရမှာလဲ အဲဒါ ဝန်ကြီးဌာနတွေမဟုတ်လား”

“အေးလေ”



အင်း . . . ဟုတ်တော့ လည်း ဟုတ်နေပါပြီ။



“ငါတို့က နောက်တစ်နှစ်ဆိုရင်ပဲ ကျောင်းပြီးတော့မဲ့ဟာ မောင်ပြော နေတာ ကျောင်းပြီးရင် အလုပ်ဝင်ဖို့နေမှာပေါ့ဟ၊

စီးပွားကူးသန်း ပန်းဆိုးတန်းရုံးမှာ ငါ့အစ်မဝမ်းကွဲ တစ်ယောက်ရှိတယ်၊

သူတောင် custom ကခေါ်တုန်းထဲက သွားရမှာလို့ ပြောနေတာငါကြားလိုက်သေးတယ်

မောင် . . နင်ပြောတဲ့ အောင်အောင်ဦးလိုပေါ့”



ကေသီ့ စကားကြောင့် ကျွန်တော် တို့လည်း ဘာပြန်ပြောရမှန်းအောင် မသိပဲ တဝါးဝါး နဲ့ ပဲ ရယ်လိုက်ကြတယ်။



ယုက “ တော်ပါတော့ မိကေရယ်၊ နင်မသိပဲ ဝင်ဝင်မပြောစမ်းပါနဲ့၊ ဒီကောင်တွေ ပြောတာ

ဘောလုံးအသင်းတွေဟဲ့”



ကျွန်တော်ဘောလုံးပွဲတွေ သွားကြည့်ရင်တစ်ခါတစ်ခါ “ယု” လည်း လိုက်ကြည့်တတ်တယ် သုဝဏ္ဏ ကွင်းဆို သိပ်မလိုက်ဖြစ်ပေမဲ့ အောင်ဆန်းကွင်းက ပွဲဆို သူက အမြဲပါတယ်။(သူပြောနေကြ စကားတစ်ခွန်းရှိပါတယ် ' ဟဲ့ ဘာလို့ သူ့ဝဏ္ဏ ကိုသွားရမှာလဲ ကိုယ့် ဝဏ္ဏ ဆီပဲကိုယ်သွားမှာပေါ့ ' တဲ့ ။ ကျွန်တော့နာမည်က ဝဏ္ဏ ကိုး . . .)



ယု ပြောလိုက်တော့မှပဲ မိကေလည်း ဇတ်ကလေး ပုပြီး ငြိမ်ကျသွားတော့တယ်။ အဲဒီအချိန်မှာပဲ ယုက ရုတ်တရက်သတိရတဲ့ ပုံနဲ့

“ဟဲ့ ဝဏ္ဏငါ့ paper 2 စာအုပ်နင်ယူထားသေးလား”



ဆိုပြီး ပြာနဲ့ သလဲ ကို ကိုင်ထားသလိုပုံနဲ့လှမ်းမေးတယ်။ သူ့ပေပါတူး စာအုပ် ကျွန်တော်ဖြင့် သိတောင်မသိဘူး။



“အာ ငါဘယ်သိမှာလဲ ယုရယ် နင့်ဟာကလည်း စာရွက်(ပေပါ) တွေတူးအောင် နင်က ကင်ထားတာလား”



“ဝဏ္ဏ နင်ပေါက်ကရတွေ လျှောက်ပြောမနေဲ့ ငါ့စာအုပ်နင်ယူထားတာမို့လား အခုချက်ခြင်းပြန်ပေးနော်”



သူက ကျွန်တော့ကို ဆို ဒီအတိုင်းပဲ ပြောရင်းနဲ့ ဒေါသသံပါလာတယ်။အဲဒီတော့ အောင်ကြီးက မနေနိုင်တော့ဘူး



“ကဲ ဒေါ်ယုယုမိုး ရေ နင်ကဒီကောင့် ကိုနိုင်တာလဲ အကျင့်ကြီးလိုဖြစ်နေပြီ နိုင်တာလဲ နိုင်ပေါ့ဟာ ဒါပေမဲ့ နင့်စာအုပ်

ငှားတာ ငါလေဟာ”



အဲဒီတော့မှ သူလည်း သတိရသွားတယ်နဲ့တူတယ် ။ကျွန်တော့ ကိုတော့ sorry တစ်ခွန်းတောင် လှမ်းမပြောပါဘူး။

ကျွန်တော် လှည့်ကြည့်လိုက်တော့ ရယ်ပြတယ်။သူကျွန်တော့ အပေါ် တစ်ခုခုမှားတိုင်း အဲဒီလို ရယ်ပြတာ ကျွန်တော့ကို တောင်းပန်တာပါပဲ။ ကျွန်တော်ကလည်း အဲဒီအပြုံးကိုမြင်လိုက်ရတာတိုင်း အရည်ပျော်သွားမြဲ ဒါပေမဲ့ ဒီတစ်ခါတော့ သူငယ်ချင်းတွေရှေ့မှာမို့ ကျွန်တော် လည်း နည်းနည်း စိတ်ဆိုးကြည့်မယ် ဆိုပြီး ချက်ချင်း အရှေ့ ကို ပြန်လှည့်ပစ်လိုက်တယ်။

သူနည်းနည်းတော့ အံ့သြသွားမှာပါ။





အချော့ ခံချင်လို့ ပါသူငယ်ချင်းရယ်။ ငါ့ကိုနားလည်ပါ။



အောင်ကြီးက လွယ်အိတ်ထဲကနေ စာအုပ်ကို ထုတ်ပြီး ကျွန်တော့ကို လှမ်းပေးတယ်။ကျွန်တော်ကလည်း ကိုယ်စိတ်ဆိုးနေမှန်း တခြားသူတွေပါသိအောင် အဲဒီစာအုပ်ကို အနောက် ကိုလှည့်မကြည့်ပဲ ပစ်ပေးလိုက်တယ်။

သူငယ်ချင်းတွေကတော့ ကျွန်တော် သူ့ကိုစိတ်ဆိုးတာ မမြင်ဘူးလို့ တအံ့ တသြ လိုက်ကြည့်တယ်။

ဖြစ်ချင်တော့ စာအုပ်က သူ့ကို သွားမှန်ပုံရပါတယ်။လူနည်းနည်းလေးပဲရှိတဲ့ စာသင်ခန်းလေးက ခဏ တော့ တိတ်သွားတယ်။

ကျွန်တော် တောင် ဘာလုပ်ရမှန်းမသိဘူး။



အဲဒီမှာ ရဲမိုးက ကျွန်တော့ ပုံစံကို ရိပ်မိသွားတယ် နဲ့တူပါတယ်။တဝါးဝါးရယ်ပါတော့တယ်။



“ ဟားဟား ဟားဟား ကြည့်ကြဟေ့ ကြည့်ကြ ဝဏ္ဏ ကြီး မိယုကို စိတ်ဆိုးတာလား

စိတ်ကောက်တာလား မသိဘူး၊ မြင်ဖူးတယ်ရှိအောင်”



ဒီတော့မှ အားလုံး ဝိုင်းရယ်ကြတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိဖြစ်သွားးတယ်။ ရှက်တာကိုး။



“ဟဲ့ ငရဲ နင်စကားကိုကြည့်ပြောနော် ဒီကောင်နဲ့ ငါက ဘာမှဖြစ်သေးတာမဟုတ်ဘူး နင်ပြောတဲ့ပုံက”



အဲဒီအချိန်မှာပဲ သူ့ဘေးနားက ဝါဖြိုးက



“ဝဏ္ဏ နင့်ရှေ့ က ငါ့စာအုပ်လေး ခဏလောက်ပြန်ပေးဟာ ပစ်တော့မပစ်နဲ့နော်”



အဲဒါကို အမှတ်မရှိတဲ့ ကျွန်တော်က စာအုပ်ကို ပစ်ပေးလိုက်မိတယ်။ အမှန်က ရှက်ရမ်းရမ်းလိုက်တာပါ။

ဒါပေမဲ့ ကံများမကောင်းချင်တော့ ဒီတစ်ခါလည်း စာအုပ်က သူ့ကိုပဲ သွားထိတယ်။နှုတ်ခမ်းကို ထိသွားတာပါ။

အရှိန် နည်းနည်းပါသွားလို့လားမသိဘူး ယု နှုတ်ခမ်းပေါက်သွားတယ်။



ယု ဒေါသတကြီး သူ့စာအုပ်တွေသိမ်းတယ် ပြီးတော့ ကျွန်တော့ ကို



“ဝဏ္ဏနင့်ကို ငါလေ စောက်မြင်ကို ကပ်တယ် သိလား”



“လောကမှာ ငါ့အသားကိုနာအောင်လုပ်တဲ့သူ၊ငါ့ကို သွေးထွက်ဒဏ်ရာရစေတဲ့ သူကို အမုန်းဆုံးပဲ”



လို့ ပြောပြီးချာခနဲလှည့်ထွက်သွားတယ်။



ကျွန်တော်တို့ ပြဿနာကြောင့်ပဲလားမသိ လွင်ကိုနဲ့ ကောင်းမြတ်လဲ ကုပ်ကုပ်၊ ကုပ်ကုပ် နဲ့ ထွက်သွားကြတယ်။

သူငယ်ချင်းတွေကတော့ ကျွန်တော့ ကို လိုက်ချော့ဝိုင်းပြောကြတယ်။ဝါဖြိုးကတော့ သူစာအုပ်တောင်းလို့ဖြစ်တာဆိုပြီး စုပ်တသပ်သပ်နဲ့ ။ ကျွန်တော် ကတော့ ယု တစ်ကယ်ကိုစိတ်ဆိုးသွားတာသိလို့ ခေါင်းကိုပဲ ယမ်းပြလိုက်တယ်။ သူစိတ်ဆိုးရင် အနည်းဆုံးသုံးလေးရက် လောက် ကျွန်တော့ကို စကားပြောတော့မှာမဟုတ်ဘူး။အင်း တစ်ပတ်လောက်လဲ ကြာသွားနိုင်တယ်။

ဒါဆို ယုနဲ့ က စာမေးပွဲတွေဖြေမှ ပြန်တွေ့ရမှာပေါ့။



x x x x x x x x x x



(၂)



ဒါပေမဲ့ သူစာမေးပွဲနေ့ရက်တွေမှာ ကျွန်တော့ ကို မျက်နှာချင်းတောင် မဆိုင်ခဲ့ဘူး။ ကျွန်တော်တို့ အဖွဲ့ဆီကိုတောင် ကျွန်တော်ရှိနေရင် စကားလာမပြောဘူး။အဲဒါကြောင့် ကျွန်တော်က သူ့အတွက် အဆင်ပြေအောင် တစ်ယောက်ထဲ ထွက်ထွက်နေပေးခဲ့တယ်။ဒါပေမဲ့ အချိန်တော်တော်များများက သူနဲ့ ခုံနံပါတ်ရှေ့နောက်ဖြစ်တဲ့ လွင်ကိုနဲ့ စကားသွားပြောနေတာ များတယ်။





ဒီလိုနဲ့ . . . .၊



အောင်စာရင်းတွေထွက်ခါနီး သူလည်းကျွန်တော့ကို စိတ်ဆိုးပြေလောက်ပြီလို့ ယူဆရတဲ့ တစ်နေ့မှာ သူ့အိမ်ကို သွားဖို့ဆုံးဖြတ်ခဲ့တယ်။ကျွန်တော်က သူငယ်ချင်းတွေ အားကိုးနဲ့ မိုက်ပြီးသွားတာ။ အကုန်လုံးနဲ့ ချိန်းပြီးတော့ သူ့အိမ်ကို သွားတာပါ။သူက အရာအားလုံးကို ပုံမှန်ဆက်ဆံပေမမဲ့ ကျွန်တော့ ကို လုံးဝမရှိသလို ဆက်ဆံတယ်။ ကျွန်တော် အရမ်းဝမ်းနည်းသွားတယ်။



ယုရယ် နင်ငါ့ကို ။ ထုရိုက်ပစ်လို့ရတယ်၊ဆဲရေးပစ်လိုက်လို့ရတယ်။ငါ့ကို ပြန်ပြီးလက်စားချေလို့လို့ရပါတယ်ဟာ။ ငါ့နှုတ်ခမ်း

ပေါက်သွားရုံတင် မကဘူး။ ငါ့လက်တစ်ချောင်းလုံးပဲ ဖြစ်ဖြစ် ဖြတ်ပစ်မှ နင်ကျေနပ်မယ်ဆိုရင်လည်း ငါဖြတ်ပေးပါ့မယ်။ နင်ငါ့ကို အခုလိုကြီးတော့ ဥပေက္ခာ မပြုလိုက်ပါနဲ့ဟာ။



ရင်ထဲက ပြောနေပေမဲ့ နှုတ်ဖျားးကတော့ ထွက်မလာခဲ့ဘူး။ ကျွန်တော် ဘာမှ ပြောလို့မရတော့ဘူး။ ပြောချင်စိတ်လည်းမရှိဘူး။ တစ်ခါတစ်ခါအမှတ် သည်းခြေ ကြီးတတ်တဲ့၊တစ်ခါတစ်ခါ စိတ်အပြောင်းအလဲ မြန်တတ်တဲ့ ယုတစ်ယောက် ဒီတစ်ခါတော့ စိတ်အပြောင်းအလဲ မြန်တဲ့အကြိမ်နဲ့ တိုးပါစေလို့ တိတ်တိတ်လေးပဲ ဆုတောင်းပြီး ကျွန်တော်တစ်ယောက်ထဲ လာရာလမ်းအတိုင်း ပြန်လာခဲ့တယ်။





ဆက်မက်ခွင့်မရှိတော့တဲ့ အိပ်မက်ဆိုတာ

ပက်ပက် စက်စက် ကြမ်းလွန်းတဲ့

ဇာတ် လမ်း . . .။



တေးသွားတစ်ခု ပြောင်းလိုက်ရုံနဲ့

တစ်ရာသီလုံး ရွဲ့ စောင်းသွားလိုက်ပုံများ



သံယောဇဉ်တွေ နားလည်မှုလွဲခဲ့တဲ့

သူငယ်ချင်းရယ်

အလွမ်းတွေ သင်ပေးရက်တယ် ။



ကျောင်းတွေပြန်ဖွင့်တော့ ကျွန်တော်တို့ မေဂျာမှာ လူပြောသူပြောအများဆုံး သတင်းတစ်ပုဒ်ကတော့ ယု နဲ့ လွင်ကို ချစ်သူတွေဖြစ်သွားကြတာပါပဲ။ ကျွန်တော့ ဘာဆက်လုပ်ရမလဲ။ သူငယ်ချင်းတွေကလည်း ဘေးကနေ ဘာမှအကူအညီ

မပေးတတ်ဘူး။ ကျွန်တော်ကလည်း သူတို့နဲ့ ဘာတစ်ခုမှ မတိုင်ပင်ဖြစ်ဘူး။



အဲဒီအချိန်မှာလည်း ကျွန်တော်တို့အိမ်မှာ စီးပွားရေးက တဖြည်းဖြည်းကျလာခဲ့တယ်။ အဖေက နိုင်င်ခြား သင်္ဘောလိုင်းက

R O မို့ electronic mediaခေတ်မှာ(e-ဆိုတဲ့စကားလုံးလေး ရဲ့ကျယ်ပြန့် မှုက ကျွန်တော်တို့ နိုင်ငံ မှာ မသိသာသေးပင်မဲ့ နိုင်ငံတကာ သင်္ဘောလိုင်းမှာ) သူ့ အတွက် နေရာမရှိတော့ပါဘူး။ဒီတော့ ကားလေးရောင်းလိုက်ဝယ်လိုက်နဲ့ အငြိမ်းစားသင်္ဘောသားတစ်ယောက် လုပ်တတ်သလောက်လုပ် နေရတော့ မောင်နှမလေးယောက်ရဲ့ စရိတ်က လောက်တယ်ဆိုရုံဖြစ်နေတဲ့အချိန်ပါ။

အခြေအနေက ကျွန်တော် ကျောင်းက ထွက်ရလောက်အောင်တော့ မဆိုးသေးပင်မဲ့ ဦးလေးတစ်ယောက်ရဲ့ ဆောင်မပေးမှုကြောင့် စင်ကာပူနိုင်ငံ ရဲ့လေအေးပေးစက် ထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်ခွင့်ရဖို့ကြုံလာတယ်။



အဲဒါ လိုအပ်တဲ့ သင်တန်းတချို့တက်ဖို့နဲ့ လက်တွေ့အလုပ်ခွင်ဆင်းနိုင်ဖို့ မြောက်ဒဂုံက စက်ရုံ တစ်ခုကို တစ်ပတ်ကို လေး၊ငါးရက် သွားရတယ်။ဒီတော့ ကျွန်တော် ကျောင်းကို ဆက်မတက်ဖြစ်တော့ဘူး။



ကျောင်းမှာတော့ မိယုကြောင့် ကျွန်တော်က အသည်းကွဲပြီး ကျောင်းထွက်သွားရတယ် ဆိုတဲ့ သတင်းတစ်ပုဒ် ကထပ်ထွက်လာတယ်။



ရယ်စရာကောင်းတာတစ်ခုကတော့ လွင်ကို ကျွန်တော့ ဆီကို လာတောင်းပန်သေးတာပါပဲ။ ဒီလိုအခြေအနေဖြစ်ဖို့ မရည်ရွယ်ကြောင်း ယုကို သူကတကယ်ချစ်တဲ့အကြာင်း၊ပြီးတော့ သူ့ကို ခွင့်လွှတ်ဖို့နဲ့ ကျွန်တော်ကျောင်းပြန်တက်ဖို့ လည်းပါသေးတယ်။ကျွန်တော်က ဘာမှ ရှည်ရှည် ဝေးဝေး ရှင်းပြမနေတော့ဘူး။ အဲ့ဒီကောင်ကကျွန်တော်တို့ ပြဿနာဖြစ်တဲ့နေ့ကတည်းက ယုနောက်လိုက်ပြီး ဖျာဝင်ခင်းခဲ့တာ။ အခုမှ သူ့ဟာသူ မလုံမလဲနဲ့ သတ္တိမရှိလို့ကျွန်တော့ဆီလာတာပါ။ကျွန်တော်သိခဲ့တာတော့ကြာပါပြီ ဒါပေမဲ့ ဒီအချိန်မှာ ဘာမှ တွေးမနေချင်တော့ဘူး။



လွင်ကို နဲ့ မိယု အလွန်ဆုံးခံလှ တစ်လ နှစ်လ အပြင် မပိုနိုင်ဘူး လို့တွေးမိတာမကြာဘူး တစ်လမပြည့်ခင်မှာပဲ ပြတ်သွားကြပါတယ်။ လွင်ကို ဆိုတဲ့ ကောင်ရဲ့ စရိုက်ကို ကျွန်တော် ဘာမှ မဝေဖန်ချင်ပါဘူး။ဒါပေမဲ့ယု လို ကိုယ့်ကိုယ်ကို သိပ်တန်ဖိုးအလေးထားတဲ့ မိန်းမတစ်ယောက်နဲ့ ဒီကောင်ရေရှည်မခံနိုင်ဘူးဆိုတာကျွန်တော့အပြင် သူငယ်ချင်းတွေ အားလုံးလဲ ခန့်မှန်းနိုင်ခဲ့ကြပါတယ်။



On job training မရှိတဲ့ တစ်ရက် ကျွန်တော် ကျောင်းထဲကို ရောက်လာခဲ့တယ်။ ကျောင်းထဲကို ခြေလှမ်းချချ ခြင်းမှာပဲ ကျွန်တော့အရှေ့မှာ လမ်းလျှောက်သွားတဲ့ ယုကို လှမ်းတွေ့လိုက်တယ်။



သူ စိတ်ဆိုးတာပြေနေလောက်ပြီထင်လို့ ကျွန်တော်က သူ့ကို လှမ်းခေါ်လိုက်မိတယ်။



“ယု . . .”



သူတချက်လှည့်ကြည့်တယ်။

ကျွန်တော့ကို မြင်တော့ ပထမအံ့သြ သွားတယ်။

နောက်မျက်နှာ တစ်ချက် ပျက်သွားတယ်။

ပြီတော့ မျက်ရည်တွေဝဲလာတယ်။

ကျွန်တော်ရှိရာကိုပြေးလာပြီးတော့ သူ့လက်ထဲရှိသမျှအရာတွေ အကုန်လုံးနဲ့ ထုရိုက် ကုတ်ဆွဲပါတော့တယ်



“ဝဏ္ဏ နင်အလကားကောင် ငအ၊ အသုံးမကျတဲ့ကောင်၊ အဲဒါကြောင့် နင့်ကို ငါမုန်းတာ။

နင်ငါ့ကို လုံးဂရုမစိုက်ဘူး၊ နင် က ငါထင်တာထက်တောင်တုံးသေးတယ်။ ဘာတဲ့ ငါ့ကို အနားလည်ဆုံးက နင်တဲ့ ဟုတ်လား။ နင်သွား နင် အလကားပဲ”



ပြောပြီးတော့ သူ့ရဲ့လက်တွေကို ရုတ်သိမ်းလိုက်တယ်။



“ငါပြန်တော့မယ် ဟာ ဒီနေ့အဖို့ ကျောင်းမတက်ချင်တော့ဘူး

နင်ငါ့ကို လည်းဘယ်တော့မှ ထပ်ပြီး ဆက်သွယ်ဖို့မကြိုးစားနဲ့တော့”



“အေးပါဟာ ငါ ကနင့်စကားဆို အမြဲနားထောင်နေကျပါ၊ နင့်သဘောအတိုင်းဖြစ်စေရမှာပေါ့။

အခုလည်း နင်တို့ ကို ငါလာနှုတ်ဆက်တာ နောက်အပတ် ငါ အလုပ်သွားလုပ်ရတော့မှာ ဘယ်လောက်ကြာမယ် တော့ မပြောတတ်ဘူး”

သူတချက်တော့တွေဝေသွား တယ်။ကျွန်တော် သွားမဲ့ကိစ္စသူမသိဘူးလား။

“ငါစင်ကာပူ သွားမလို့”

“သွားပေါ့ ၊ နင့်ဟာနင် စင်ကာပူပဲသွားသွား ၊ဘယ်သွားသွား ငါနဲ့ဘာဆိုင်လို့လဲသွားတော့။

ငါသိလည်း မသိဘူး။ သိလည်းမသိချင်ဘူး”

ဒီတစ်ခါလည်း သူပြောပြော ဆိုဆို နဲ့ ထွက်သွားပြန်ပါတယ်။



ဘာတွေဖြစ်ကုန်တာလဲ၊ သူပြောသွားတဲ့စကားတွေ ကျွန်တော် တစ်ခုမှနားမလည်တော့ဘူး။ သေချာတာကတော့

ကျောင်းတံခါးဝ အလည်မှာ ကျွန်တော် တစ်ယောက်ထဲ မလှုပ်မယှက် ကျန်ခဲ့တာပါပဲ.။





x x x x x x x x x x





(၃)

စင်ကာပူရောက်တော့ Bedok ရပ်မှာ ရှိတဲ့ လေအေးပေးစက် ထုတ်တဲ့ စက်ရုံမှာအလုပ်လုပ်ရတယ်။ လောက အသစ်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်နေရတဲ့ အချိန်မျိုးမှာတော့ ယုဆိုတာ သတိမရမိခဲ့ ရိုးအမှန်ပါ။ စိတ်တွေ မွန်းကျပ် လွန်းတဲ့ အချိန်မျိုး ဆိုလည်း အသည်းကွဲ သီချင်းတွေ ဆိုညည်းပစ်ဖို့ ထက် ပါးစပ်ထဲ ကို အလိုလို ရောက်လာတာ ထူးအိမ်သင် ရဲ့ အမေ သီချင်းတွေပါပဲ။ အဲဒီလို အလုပ်ထဲမှာပဲနေရင်း အလုပ်ကြိုးစားရင်းနဲ့ ပဲ ဘဝကို နှစ်သိမ့် ကျော်ဖြတ်လာခဲ့တယ်။ တစ်ခုတော့ရှိတာပေါ့လေ တခါတခါ သတိရ မိတဲ့ အချိန် မျိုးမှာတော့ သူ့ စကားကို နားထောင်တဲ့ အနေနဲ့ သူ့ကိုလည်း လုံးဝ မဆက်သွယ်ဖြစ်ခဲ့ပါဘူး။



ယုကိုမှမဟုတ်ဘူး ဘယ်သူငယ်ချင်းကိုမှ အဆက်အသွယ်မလုပ်တော့ပဲ နေခဲ့တာ။

ဖြတ်သန်းနေဆဲ အချိန်မှာ ကုန်လွန်နိုင်ခဲသလောက်အနောက်ကို ပြန်လှည့်ကြည့်လိုက်တိုင်း ဘာမှမကြာလိုက်သလို ဟန်ဆောင်ကောင်းတတ်တဲ့ ဆယ်စုနှစ်တစ်ခုစာ အချိန်တွေကို ကိုယ့်တိုင်းကိုယ့်ပြည်မှာ မဟုတ်ပဲ ရုန်းကန် ဖြတ်သန်း ခဲ့ရတယ်။

မရှက်တမ်း ဝန်ခံရရင်တော့ သူများနိုင်ငံမှာ အသားကျခဲ့ပြီးတဲ့ နောက်ပိုင်း မှာတော့ ကျွန်တော် ယုကိုပဲ လွမ်းလွမ်းဆွေးဆွေး သတိရခဲ့မိတယ် ရန်ကုန်ပြန်ဖို့ ကိုတော့ ယုနဲ့ ရင် မဆိုင် ရဲ တဲ့ ယု သတင်း ကို ကြားမိမှာစိုးတဲ့ စိတ် တစ်ခု ထဲနဲ့ မပြန်ဖြစ်ခဲ့ ဘူး။

သူငယ် ချင်းတွေကို လည်း ဘာမှ မပြောဖို့ မှာထားလို့ လူတိုင်း အတွက် ကတော့ မေ့မေ့ ပျောက် ပျောက် ဇာတ်လမ်း တစ်ပုဒ်ပဲ ဖြစ်ခဲ့ မှာပါ။



အခုဆို ဆယ်နှစ်လောက်ကြာခဲ့ပြီ။

တစ်ရက် facebook သုံးရင်းနဲ့ ယုယုမိုးဆိုတဲ့ နာမည်ကို အမှတ်မထင် သွားတွေ့လိုက်တယ်။

ယု . . .ဒါယုပဲ။ သူ့ကိုယ်ရေးချက်အလက်တွေကို သူငယ်ချင်းစာရင်းမအပ်တဲ့သူတွေကြည့်ခွင်မရလို့ မမြင်ရပေမဲ့ သူ့ဓါတ်ပုံကလေးမှ သူ့ဓါတ်ပုံကလေးပါ။ အဲဒါနဲ့ ကျွန်တော်လဲ add as friend ဆိုတဲ့ buttonလေးကို နှိပ်လိုက်တယ်။



ဒီအသက် အရွယ်တွေရာက်နမှတော့ သူလည်းရင့်ကျက်နေလောက်ပါပြီ။ အပြင်မှာ ပြန်တွေ့ခွင့်မရတာင် facebook ပေါ်မှာ တွေ့ရရင် ကျွန်တော် ကျေနပ်မှာပါပဲ။



အဲဒီတစ်ညလုံး ကျွန်တော်ဖြင့် အိပ်လို့တောင် မပျော်ဘူး။ နောက်နေ့မိုးလင်းလင်းချင်းတစ်ခါ နေ့လည်ထမင်းစားချိန်တစ်ခါ

ညနေအလုပ်ပြန်တော့ တစ်ခါ ဖွင့်ကြည့်လိုက်တိုင်း ကျွန်တော့ e-mail ရဲ့ inbox ထဲမှာ ကျွန်တော်မျှော်လင့်တဲ့ စာကြောင်းလေးကို မတွေ့ရဘူး။



နောက်တစ်နေ့မနက် မှပဲ ကျွန်တော့ကို သူ accept လုပ်ထားတဲ့ e-mail ဝင်လာတာတွေ့တော့တယ်။ အဲဒီတော့ ချက်ချင်းကျွန်တော် facebook ထဲကို ဝင်ကြည့်တယ်။ သူ့ photo album တွေ့လိုက်ရတာကတော့ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးသားတစ်ယောက်ရယ် သူရယ်။ ပြီးတော့ သတို့သား၊သတို့သမီး ဝတ်စုံကိုယ်စီရယ်။



တကယ်တော့ ဆယ်နှစ်….။ ဆယ်နှစ် ဆိုတဲ့ အချိန်ဟာ အရာရာ ပြောင်းလဲသွားနိုင်တာ ကျွန်တော် မေ့ခဲ့မိတယ်။ ဖြစ်သင့်တဲ့ အရာတစ်ခု ဖြစ်ခဲ့တာလို့ပဲ မှတ်ယူလိုက်ပါတော့မယ်။ ကံကြမ္မာ ဆိုတာကြီးကိုလဲ အပြစ်ပုံမချချင်တော့ဘူး။

ဓါတ်ပုံတွေရယ်၊ ရေးထားတဲ့ ကောမန့်တွေရယ် ကြည့်ရတာ သူအရမ်းပျော်နေပုံရတယ်။ အင်း ပျော်ရမှာပေါ့

ပျော်ပါစေ။ ချစ်ရတဲ့ သူငယ်ချင်းလေး။ သက်ဆုံးတိုင် ထာဝရပျော်ရွှင်ပါစေလို့ ဆုတောင်းရင်း . . .



တကယ်လို့ . ကျွန်တော်တို့ ပြဿနာ စဖြစ်တဲ့နေ့ကတည်းက သူ့ကို လိုက်ချော့ဖြစ်ခဲ့ရင်၊

ကျွန်တော် . ကျောင်းမထွက် နိုင်ငံခြား မထွက်လာဖြစ်ခဲ့ရင်။

ထွက်လာခါနီး ကျောင်းဝမှာ ဆုံခဲ့တုန်းက . . . .

ဆိုတာမျိုးတွေ လိုက်ပြီးတော့ မတွေး နေတော့ပါဘူး။



လေးစားစွာဖြင့်

နေမိုးဝေ

4 comments:

jr said...

ဆယ်စုနှစ်တစ်စုက သိပ်မြန်တယ်နော် အစ်ကို။
အဖြစ်အပျက်တွေကမှ ကိုယ်ကြီးရင့်လာတာကို သတိရစေတယ်။
ကဗျာတွေလဲ ရေးပါဦး။

ခင်မင်လျှက်

ငွေလမင်း said...

တကယ့်အဖြစ်အပျက်လေးလား
ဖတ်ပြီး စိတ်ထဲမကောင်းဘူး
၁၀နှစ်တောင်ကြာသွားတယ်ဆိုတော့လဲ...

Unknown said...
This comment has been removed by a blog administrator.
Ko Zey said...

ဖတ်ဖြစ်သွားတာက ယု ဆိုတဲ့ နာမည်လေးကြောင့်...။ ပစ္စုပ္ပန်တွေ အိုမင်းသွားရင်လည်း ရယ်စရာ တစ်ခု ဖြစ်ကောင်း ဖြစ်သွားမှာပါလေ . . .