Nov 13, 2007

ထိုကဲ့သို့ အစရှိသဖြင့် ကျွန်တော့ မသန္တာသည်

ကျွန်တော်တို့ ဘယ်နေ့ ပြန်တွေ့ ကြမှာလဲ မသန္တာ။ အဖြူစင်ဆုံး လက်တွဲခဲ့ကြတဲ့ နေ့ရက်တွေအကြောင်း ပြန်စဉ်းစားလိုက်တော့ နွေးထွေးမှုတွေကပျောက်ပျက်မသွားသေးဘူး။ ဒါပေမဲ့ ကြာခဲ့ပါပြီကောလေ။

မနေ့ တနေ့ က မဟုတ်တာသေချာပေမဲ့ ခုနကမှ ဖြစ်ပြီးခဲ့သလိုပါပဲ။ သေချာပါတယ် မသန္တာရယ်။ ကျွန်တော်တို့ တွေတစ်ချိန်ကအရမ်း ဖြူစင်ပြီး အရမ်းချစ်ခဲ့ကြတယ်ဆိုတာ ။ အဖြူရောင်နဲ့ အဖြူရောင်ပေါင်းခဲ့တာဆိုတော့
တခြားဘာအရောင်မှ ထပ်မပေါ်လာတော့ဘူးလေ။

ကျွန်တော်တွေးကြည့်တယ် သိလားမသန္တာ အဲဒီလို ဖြူစင်ခြင်းသက်သက်ကြောင့်သာကျွန်တော်တို့ ကြားမှာ
ကြိုးတွေ အခိုင်အမာ မတည်ဆောက်နိုင်ခဲ့မိတာလားလို့။

တကယ်ဆို ကျွန်တော်က ငတုံးပါ မသန္တာရယ်။ ဘယ်ကစလို့ ဘယ်လိုဆုံးရမှန်းမသိတဲ့ စကားလုံးတွေ နဲ့
ကျွန်တော့ မှာ တစ်ခါတစ်ခါ ဆို ပုန်းစရာမြေလုံးဝ မရှိဘူး ။ ထားပါ ဒါက အစ်မနဲ့ သိပ်တော့မဆိုင်ပါဘူး။
ပြေရင်းဆိုရင်းနဲ့ တောင် ကျွန်တော်တို့ ရဲ့ အရင်လို မဟုတ်တဲ့ ဆက်ဆံရေး က သိသာ လာ ပြန်ပြီ။
အရင်ကဆို ဒီလိုမဟုတ်ဘူးနော်။ ကျွန်တော်တို့ ကြားမှာ မဆိုင်တဲ့ ကိစ္စ ဆိုတာ မရှိကြဘူး။
အင်းလေ လောက သဘာဝ ပဲ ပေါ့ ။ဘ၀ ဆိုတာ ကျောင်းဝင်းထဲက အချိန်တွေမှ မဟုတ်ပဲဟာ။

------------------------

မနက်ဖြန် သည် အင်္ဂါနေ့ ဖြစ်ရုံ မျှ နှင့် ယနေ့ တနင်္လာ ဖြစ်သည်မှာ မည်မျှသေချာပါသနည်း။
ကျွန်တော်ဆိုသည့် နလပိန်းတုန်းကောင်သည် တော်ရုံကိစ္စ များကို တော်ရုံ ရှင်းပြရုံမျှ နားလည်လေ့
မရှိပါ။ ထို့ကြောင့် မီးများကို ဖွင့်ထားရန်မလိုအပ်တော့ပါ။ မျိတ်စိမှိတ်. . .။ အိပ်ပျော်သွားမှ နိုးလာပါလိမ့်မည်။
ကျွန်တော် က မပျော်တော့။

ဘာလိုကြောင့်ပဲဖြစ်ဖြစ် မသန္တာ ဟုခေါ်သည့် ကျွန်တော့ထက် အသက် နှစ်နှစ်ကြီး ပြီး ကျွန်တော့ ခန္ဓာကိုယ်
တစ်ဝက်မျှသာရှိသော မိန်းမသည် ကျွန်တော်နှင့် ဝေးသွားခဲ့ပြီးပြီ ဖြစ်သည်။

အမှန်တရားအရ မသန္တာ နှင့် ကျွန်တော် မဝေး ပါ။ ပကတိ ရှိမှုအနေအထားများအရ ကျွန်တော့အိမ် နှင့် သူမ၏
အိမ်မှာ ငွေ နှစ်ရာ တန်ဖိုးရှိသော ဆိုက်ကား တစ်ခရီးစာ အကွာအဝေး သာရှိ၏ ။ သို့သော်လည်း လက်ရှိအခြေအနေ တွင်မတော့ ကျွန်တော်တို့ ဝေးကို ဝေးနေကြပါသည်။ ထို့ကြောင့် အမှန်တရားဆိုသည်မှာ
ဗဟုသဘော ဆောင်သည် ဆိုသည့်အချက်ကို ခပ်ရေးရေး သဘောပေါက်သလို ရှိလာ၏

သို့သော် နေမိုးဝေ ဆိုသည့် ကောင်မှာ ငတုံးဖြစ်သဖြင့် ကျွန်တော်သည်လည်း ငတုံးပင်ဖြစ်ပါသည်။

-------------------------

တစ်ခါတစ်လေ သူငယ်ချင်းတွေအများကြီးနဲ့ မနေချင်လို့အင်းဝ ဆောင်ရှေ့ က စေတနာဆိုတဲ့ လဘက်ရည်ဆိုင်မှာ နှစ်ယောက်ထိုင်စကားပြောနေကြတာ မှိတ်မိပါလေစ ဒေါ်မေသန္တာ။
အမှန်အတိုင်းပြောရရင်ကျွန်တော် လည်း အမြဲတော့ ဘယ်သတိရပါ့မလဲ။ ခဏ ခဏ မဟုတ်တောင်
မကြာမကြာ တော့ သတိရတယ်။ သတိရတဲ့ အထဲမှာ ရွှေဘိုဆောင်ဘေးက အဒေါ်ကြီးရဲ့ အသုတ်ဆိုင်လေးကိုလည်း သတိရတာပဲ ။ ပြောရင်းဆိုရင်းတောင်ဗိုက်ဆာလာပါပြီ။

မသန္တာ -- မသန္တာ
ကျွန်တ်ေလေ မသန္တာ ကို သိပ်ချစ်တယ်ဆိုတာ မသန္တာ သိသလား ။ သိတယ်ဆိုရင်တောင်
ဘယ်လိုချစ်တာလဲ သိလား

မသန္တာ ရဲ့ ချစ်သူ ချစ်သလိုမျိုး မဟုတ်သလို ။ ကျွန်တော်တဘက်သက် ကြိုက်နေ တဲ့ ကောင်မလေးကို
ချစ်သလိုချစ်တာလဲမဟတ်ဘူး။ ဟင့်အင်း ကျွန်တော့ ညီမလေးကို ချစ်တဲ့ပုံစံမျိုးလဲမဟုတ်ဘူး
ထားပါတော့ မသန္တာ ။ ဒီစကား ကျွန်တော်မပြောဘူးလို့ ပဲထားလိုက်တော့။ ကျွန်တော်မေ့သွားပြီ။
ဟုတ်တယ် ကျွန်တော်မေ့သွားပြီ။ ဘာကိုမှ သတိမရတော့ဘူး။

-------------------------------

အိပ်ရာမှနိုးလာသည့် အခါ ဘာကိုမှ မမှတ်မိတော့ပါ။ ညက ကဗျာရေးတာများသွားးသည။လွယ်လွယ်ပြောရရင်
ကဗျာနာကျတယ်ပေါ့။ ဟာသ၀တ္ထုကောင်းကောင်းတစ်ပုဒ်လောက်ဖတ်မှ ဖြစ်မယ်။ ဆရာသော်တာဆွေ ဖြစ်ဖြစ်
ဆရာဇ၀န ဖြစ်ဖြစ်။ မဟုတ်သေးပါ ဘူး အဲဒါတွေက အလွတ်ရတော့မယ်။ ရယ်ချင်တယ်ဆိုရင်တော့ ဘ၀သရုပ်ဖော်လို့ ခေါ်တဲ့ ၀တ္ထုတွေဖတ်မှဖြစ်မယ်။

ထိုသို့ ဖြင့် ကျွန်တော်လည်း မနေ့ ကရောက်ခဲ့ သည့် ဆိုင်ကလေးနားပြန်လည်ရောက်ရှိလာပါသည်။ မသန္တာဆိုသည့် အမျိုးသမီး အား သတိမရပါ။ ထိုသို့ပြောလိုက်မိသောကြောင့် ကျွန်တော့ ရင်ထဲ မှာ တိတ်တိတ်လေး ကြိတ်ကာ သတိရနေ ကြောင်း မစစ်ပဲနှင့် ပေါ် မည် ကိုသိသဖြင့် ကျွန်တော်က ထိုသို့ မပြောတော့ပါ။

ကျွန်တော်သည် ငတုံးဖြစ်ပါသည်။

--------------------------

ကျွန်တော်က တော့ မှိတ်မိပါတယ် မသန္တာ ၊ တခြားသူငယ်ချင်းတွေနဲ့ ဖြစ်တဲ့ပြဿနာမျိုး မှာတောင် မသန္တာက
ကျွန်တော့ ကိုမှ ရွေးပြီးကောက်တတ်တာ။ဘာကြောင့်လဲ ဆိုတာတော့ ကျွန်တော် ပြန်စဉ်းစားလို့ မရတော့ဘူး
ပြောခဲ့ပြီးပါပကော ကျွန်တောက ငတုံးပါဆို။

တစ်ခါတလေ အိမ်မှာ ကန်စွန်းရွက်ကြော်ပူပူနဲ့ ထမင်း ကိုအဖြူထည် စားမိတယ် မသန္တာ၊ မကောင်းပါဘူ
ဝိဇ္ဇာကန်တင်း က ကိုသန်းရွှေ ရဲ့ မိဘမေတ္တာ မှာ မသန္တာ နဲ့ ထိုင်စားခဲ့ ကြတဲ့ အရသာကို မမီ ဘူး။

တကယ်တော့ ကျွန်တော်တို့ ဝေးကြတာ ဟာ သွေးရိုးသားရိုး မှဟုတ်ရဲ့ လားလို့စဉ်းစားမိတယ်။ ပြောရရင်
ကျွန်တော်ကျောင်း ဆက်မတက် ဖြစ်တဲ့နောက်ပိုင်း မှာ အပြောင်း အလဲ တွေ အများကြီး ဖြစ်သွားတာကိုး။
တစိမ်းတွေပါလာတယ်။ ရင်ဘက်ကိစ္စ တွေနွယ်လာတယ် ။အဲဒါကြောင့်မို့ ကျွန်တော်က ကျောင်းပြန်တက်ဖို့ ရောက်လာခဲ့ပြီး မှ ဆက်မတက်ချင်တော့တာပါပဲ။ ကျွန်တော်က ငတုံးကိုး ။

ဒါပါပဲ မသန္တာ ရယ် နောင်အလျင်းသင့်ရင်တော့ [မသန္တာ ကို သတိရမိတဲ့ အခါမျိုး နဲ့ လဲ တိုက်ဆိုင်ရင်]
ဒီလိုအကြောင်းလေးတွေ ထပ်ရေး ဖြစ်လိမ့်ဦးမယ်ထင်ပါတယ်။


-----------------------------
အမှန်တကယ်တမ်းတွင်တော့ မသန္တာ ဆို သည် မှာ ကျွန်တော့ ရင်တွင်း မှ အမည်မသိသော ဝေဒနာ
တစ်ရပ်ပင်ဖြစ်ပါသည်။ ဖြစ်နိုင်လျှင်တော့ ခံတွင်း အတွင်းမှ သွား ရောဂါ သာ ဖြစ်လိုက်ချင် ပါသည်။
သိပ်မနာအောင် နှုတ်ပေးမယ် ဟုအာမခံနိုင်သော ဆရာဝန်မျိုး ထံတွင်လွယ်လွယ်ကူကူ နှုတ်ပစ်လိုက်နိုင်
သောကြောင့်ဖြစ်သည်။ သို့သော်လည်း ကျွန်တော်သည် ငတုံး တစ်ကောင် ဖြစ်သည့် အားလျော်စွာ
ထိုနှုတ် ပြီးသော သွားကို လုံလုံ ခြုံခြုံ သိမ်းထားမိဦးမည်ဖြစ်သည်။

အသေချာဆုံး တစ်ခု မှာ မသန္တာ သည် မသန္တာ သာဖြစ် ၍ ကျွန်တော်သည် လည်း ကျွန်တော် သာဖြစ်ပါသည်။

နေမိုးဝေ

No comments: