အဲဒီသစ်ပင်လေးက အရမ်းလှတာပဲ မသန္တာရယ်။တကယ်ပြောတာပါ မသန္တာ။
အရမ်းလှတယ်။ကျွန်တော်တို့ ဒီအတိုင်းလေးပဲ ထားလိုက်ကြရအောင်ပါ။
မနေ့ ကပြောခဲ့တဲ့စကားတွေ ဒီနေ့ပါမလာဘူးလို့ ပဲ မှတ်ထားလိုက်ကြစို့ ။
လိုမှမလိုအပ်တော့တာ ။ကျွန်တော်တို့ ကြုံတွေ့နေရတဲ့လောကကြီးက
အလွဲအချော်တွေ ဆိုနာမည်ကြီးတယ်။
ကျွန်တော်၏ ခန္တာကိုယ်နှင့် ယှဉ်လျှင် တစ်ဝက်မျှသာရှိသော။ ဟိုးအရင်တုန်းကဆိုလျှင် ယောင်္ကျားဝတ် ကတ္တီပါဖိနပ်များစီးလေ့ရှိသော ကျွန်တော့်ထက်အသက် နှစ်နှစ်ခန့်ကြီးသော မသန္တာကို ကျွန်တော် မလွမ်း ပါ။ ပြောစရာ စကားဟုဆိုလိုက်တိုင်း ပါးစပ်ပေါက်မှထွက်ကျလာသည်ဟုအထင်ရှိသော သူ များ နှင့် ကျွန်တော်က အပေါင်းအသင်းလုပ်ရန် ဆန္ဒ မရှိတော့။ နေကောင်းကောင်းပါလေစ ဒေါ်မေသန္တာ။
သစ်ပုပ်ပင်တွင် ကန့်ကော်မပွင့်ကြောင်း ကျွန်တော်ကောင်းစွာသိပါသည်။ သို့သော်
ခိုင်သဇင် ဆိုသည့်ကင်တင်းတွင် ကံ့ကော်များပွင့်ခဲ့ဖူးသည်။ သတိရသလားမသန္တာ။
ဟုတ်ကဲ့ ကံကြမ္မာ သည်အလွဲအချော်ပေါင်းများစွာကို ဖန်တီးခဲ့ပါသည်။ ယခုလည်းရိုးရာမပျက်သေးပါ။
မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊
မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊
မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊
မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊
မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊
မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊
မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊
မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ ၊ မသန္တာ၊
၊ မသန္တာ ကို ကျွန်တော်မလွမ်းပါ။
ဘကြီးအောင်ညာသလားမညာသလားကျွန်တော်မသိခဲ့၊ ကျွန်တော်နှင့်လည်းမဆိုင်ပါ။ မသန္တာ ကတော့ ပုံပြောပါသည်။ မသန္တာပြောသောပုံပြင် မှာ နားထောင်လို့ အလွန်ကောင်းပါသည်။ သို့သော် ကျွန်တော် နားမထောင်ဖူးပါ။ နားထောင်ခွင့်ရမည်လည်းမဟုတ်ပါ။ ထူးးအိမ်သင် ၏ အခါလွန်မိုးသီချင်း ဖွင့်၍ နားထောင်သည့်အခါ ကျွန်တော်က အဓိကဇာတ်ကောင်ဖြစ်နေသည်။ သိပ်တော့ လည်း အံ့သြစရာမကောင်းလှချေ။
ဆေးပေါ့လိပ်တစ်ရှိုက်၊ ရေခဲရေတကျိုက် သောက်၍ ၀တ္ထုတိုတစ်ပုဒ်ရေးဖြစ်ခြင်းမှာ
မသန္တာကိုလွမ်းသောကြောင့်မဟုတ်ပါ။ ထူုးအိမ်သင်၏ အိမ် သီချင်းနားထောင်ဖြစ်ခြင်းမှာလည်း
မသန္တာကိုလွမ်းသောကြောင့်မဟုတ်ပါ။ ထူးအိမ်သင်၏ သီချင်းများကို မသန္တာသိပ်ကြိုက်တတ်ကြောင်းလည်း
ကျွန်တော်မမှတ်မိပါ။မနက်က မသန္တာ တို့အိမ်နားရောက်သော်လည်း မသန္တာဆီကျွန်တော်မရောက်ဖြစ်ခြင်း
သည်လည်း မသန္တာကို လွမ်းသောကြောင့် မဟုတ်ပါ။
မသန္တာ သည် သူမ၏ချစ်သူကို သိပ်ချစ်ကြောင်းကျွန်တော်သိပါသည်။ ကျွန်တော်သိပ်ချစ်ရသည့် ကျွန်တော့သူငယ်ချင်း သတင်းထောက်မကလေး က ကျွန်တော့ ကိုပြန်မချစ်ကြောင်းလည်း မသန္တာ သိပါသည်။ မသန္တာတွင် ချစ်သူ ရှိ၍ကျွန်တော့မှာ ချစ်သူမရှိပါ။ ထို့ကြောင့် မသန္တာ ကို ကျွန်တော် မလွမ်းမိပါ။
တစ်ခါတုန်းက ကျောင်းကင်တင်းမှာ ထိုင်နေကြတုန်း မသန္တာ ကကျွန်တော့ဘယ်ဘက်လက်သန်း
ကလေးအား လက်သည်းဆေး ဆိုးပေးရန် ကြိုးစားဖူးသည် ကို သတိရ၏ ။ထိုစဉ်က ငြင်းခဲ့မိတာကို
လည်းမှတ်မိနေ သေး သည်။ အခုဆိုလျှင်တော့ ကျွန်တော်က လက်ခံနိုင်သည့်တိုင် မသန္တာကလက်ခံ
နိုင်တော့လိမ့်မည်မဟုတ် ။ ထိုကြောင့် မသန္တာကို ကျွန်တော်မလွမ်း။
တစ်ခါတုန်းက ဟုဆိုပြီး လွယ်လွယ်ကူကူပေါ့ပေါ့ပါးပြောသည်မထင်ပါနှင့်။ တစ်ခါတုန်းက
ရန်ကုန် တက္ကသိုလ် ပတ်ဝန်းကျင် တွင်သူငယ်ချင်းများစွာရှိခဲ့ဖူးပါသည်။ ထို့ထက်ပို၍
သူငယ်ချင်းအစုအဖွဲ့တစ်ခုရှိခဲ့ဖူးပါသည်။ ထို့ထက်ပို၍သူငယ်ချင်းသုံးယောက်ရှိခဲ့ဖူးပါသည်။
တစ်ပါးသူများအတွက်စိတ်ဝင်စားဖွယ်မဟုတ်လောက်ပါ။ တစ်ကယ်တမ်းလည်း လမ်းထိပ်
ကုန်စုံဆိုင်မှ ယနေ့အကြွေး မရောင်းပါဟူသော စာတန်းလောက်ပင် စိတ်ဝင်စားဖွယ်မရှိပါ။
သို့သော် ထိုသုံးယောက်မှာ ကျွန်တော်၊ အောင်ကြီး နှင့် မသန္တာတို့ ဖြစ်သဖြင့် အီရန်နိုင်ငံရှိ
နျူကလီးယား လက်နက်များထက် ပို၍အရေးကြီးလှပါသည်။
(ကျွန်တော့ကိုယ်ရေးကိုယ်တာဖြစ်သဖြင့် မည်သူတစ်ဦးတစ်ယောက်ကမှ ထောက်ခံရန်
သို့မဟုတ်ကန့်ကွက်ရန်မလိုပါ)
အခုတော့လည်းထိုအကြောင်းများအား အတိတ်ဟူသောသောနေရာတွင် လွယ်လွယ်ကူကူ
ခေါက်သိမ်းထားလိုက်ရပြီ ဖြစ်သည်။စိတ်ထဲမကောင်းလှ။
မသန္တာကိုကျွန်တော်မလွမ်းပါ ။ထို့ကြောင့်မသန္တာကိုကျွန်တော်မလွမ်းပါ။တစ်ကယ်တမ်း
ကျွန်တော်တို့လျှောက်လှမ်းခဲ့ကြသည်မှာလမ်းများမဖြစ်နိုင်၊ ဘာရယ်ဟူ၍တိတိကျကျ
ပြောနိုင်စွမ်းတော့လည်းမရှိသေးယခုလောလောဆယ်သေသေချာချာ ပြောနိုင်တာဆို၍
မသန္တာအားကျွန်တော်မလွမ်းသည့်အကြောင်းသာရှိသည်။
ယနေ့နေသာသဖြင့် ယောက်ယက်ခတ်နေသော စကားလုံးများရှိသည် ။
ရာသီဥတုလည်းပူသဖြင့် မသန္တာ ကိုလွမ်းမောမိရန် မကြိုးစားမိပါချေ။
ကျွန်တော်ကကျွန်တော်ဖြစ်သဖြင့် မသန္တာ က မသန္တာ ဖြစ်ကြောင်းကို အထူးပြောရန်
လိုတော့မည် မဟုတ်သော်လည်ကျွန်တော်က အခိုင်အမာပြောချင်လှပါသည်။
မသန္တာသည် မသန္တာဖြစ်သဖြင့် ကျွန်တော်လွမ်းရန် မလိုအပ်ပါ။
ပြီးခဲ့ပါပြီဟုတော့ လက်လွတ်စပယ်မပြောသင့်ပါ။ ဒေါ်မေသန္တာ ဆိုသည်မှာ ကျွန်တော်၏
အ၀င်အထွက် မရှိသောသက်ရှုခြင်း ဒုတိယပုံစံ ဖြစ်ပါသည်။
ဆိုကြပါစို့ ကျွန်တော်သေသွားသည့်အခါ . . . . . . . . . .
ထားပါတော့ ဒီအကြောင်းက သိပ်မလိုအပ်ဘူးထင်လို့ ခင်ဗျားကို ကျွန်တော်
ဆက်မပြောတော့ဘူး အဓိက ပြောချင်တဲ့အကြောင်း ကတော့
မသန္တာကို ကျွန်တော်မလွမ်းမိဘူးဆိုတာပါပဲ ။
သေသေ ချာချာ စဉ်းစားကြည့်မိတော့ ဘာကို မှ သတိမရတော့ဘူး။ဘာမှမရှိသည်ကို
အရှိဟုထင်ကာ ကြီးကြီးကျယ်ကျယ်လျှောက်လုပ်နေသည့်လောကကို လူ့လောကဟု
ခေါ်ကြသည်။ ကျွန်တောသည်လည်းလူတစ်ယောက်ပင်ဖြစ်သဖြင့်စကားတစ်ခွန်းကို
ကြီးကြီးကျယ်ကျယ်ပြောပါမည်။
မသန္တာကို ကျွန်တော်မလွမ်းပါ။
ဒီလောက်ပဲဖြစ်ပါသည်။အတိတ်ဆိုသည့်အရာများသည် စိတ်ကူးထဲတွင်
ဆေးရောင်စုံလားအဖြူအမည်းလားကျွန်တောမတွေးတတ်ပါ ။လောလောဆယ်တော့
ဘာကိုမှတွေးတောချင်စိတ်မရှိတော့။ပြန်လာခဲ့ရမည်လား မတွေးတတ်သေးပါ။
လောလောဆယ်အခြေအနေတွင် မသန္တာကို တကယ်လွမ်းမလွမ်း မစဉ်းစားချင်သေး ။
ထို့ကြောင့် မသန္တာကိုကျွန်တော် မလွမ်းဟူ၍ပဲ ခေတ္တမှတ်ထားပါဦးမည်။
သိပ်အရေးကြီးပင်မဲ့ လူတွေက အသက်ရှုနေကြကြတာကို မေ့နေကြတာပဲဖြစ်သည်။
ကိုယ်မပျော်သည့်လောကမှာ ဘယ်သူ့ အားကိုးနှင့် မိုက်လုံးကြီးရမည်နည်း။ တော်ပါပြီ
ဘာမှမလိုချင်တော့ပါ။မသန္တာ ကိုမလွမ်းဘူးဟူ၍လည်း မပြောချင်တော့ပါ။
ဖြစ်နိုင်လျှင်တော့ ရန်ကုန်တက္ကသိုလ် ကိုတစ်ခေါက်ပြန်သွားမည်။ ဘယ်တော့ဖြစ်မယ်မှန်း
ကျွန်တော်မသိပါ။ မိတ်ဆွေအနေနှင့်တော့သိနှင့်နေနိုင်ပါမည်။ စိတ်ထဲမှာပဲမှတ်ထားလိုက်ပါ။
လက်တော့မထောင်လိုက်ပါနှင့်၊ စိတ်ထဲမှာမှတ်ထားလိုက်ရုံနှင့်ပြည့်စုံပါပြီ။ ထိုအချိန်ရောက်
လျှင်ဖြင့် အောင်ကြီးလည်း ရန်ကုန်ပြန်ရောက်ချင်ရောက်နေနိုင်ပါသည်။ မသန္တာလည်း
အိမ်ထောင်ကျကောင်းကျနေနိုင်ပါသည်။ကျွန်တော် က ဘာတွေဖြစ်နေနိုင်မှန်းတော့
မခန့်မှန်းတတ်ပါ။
ဘယ်တော့မှပြန်မရနိုင်တော့သဖြင့် မသန္တာကို ကျွန်တော်မလွမ်းပါ။
သို့သော်
ဘယ်တော့မှပြန်မရနိုင်တော့သဖြင့် မသန္တာကို ကျွန်တော်လွမ်းပါသည်။
အတိတ်ဆိုသည်မှာ ပါးစပ်ထဲထည့်၍ ကစားလို့ အကောင်းဆုံး သားရေပြားတစ်ပြား
ဖြစ်ပါသည်။ထို့ကြောင့်ကျွန်တော် က လူကို မလွမ်းပဲ ဘ၀ တွေကိုသာလွမ်းပါသည်။
ဟုတ်ကဲ့ မသန္တာကို ကျွန်တော် လွမ်းပါသည်။
မသန္တာကို လွမ်းသည့်အချိန်တိုင်း “မသန္တာ ကို ကျွန်တော်မလွမ်းပါ” ဟု
ပြောလေ့ရှိကြောင်းကြိုမပြောခဲ့မိသည့်အတွက် မိတ်ဆွေအနေနှင့်
ကျွန်တော့အား စိတ်ဆိုးနိုင်ပါသည်။
နေမိုးဝေ။
1 comment:
:) nice one!
Post a Comment