Jan 10, 2008

ပြက္ခဒိန်ပေါ်မှာ ကျွန်တော့ဒီဇင်ဘာမဟုတ်ပါ

ယခုမြင်တွေ့ နေရသည်မှာ ကျွန်တော့ဒီဇင်ဘာမဟုတ်ပါ။
ဒီဇင်ဘာ။ ဒီဇင်ဘာဆိုသည်မှာအဘယ်နည်း
လူတိုင်းလူတိုင်းတွင်ကိုယ်ပိုင်ဒီဇင်ဘာတစ်ခုစီတော့  ရှိသင့်သည်ဟု
ကျွန်တော်ထင်သည်။ ဒီဇင်ဘာတွင် စောစော အိပ်ပြီးစောစောထသူများ လမ်းလျှောက်ကြသည်။
သို့တည်းမဟုတ် စောစောထ၍ လမ်းလျှောက်ရန်အတွက် စောစောအိပ်ကြသည်။ သိပ်တော့မသေချာလှပါ၊
မသေချာခြင်းဆိုသည်မှာ အသေချာဆုံးသော တရားတစ်ခုဖြစ်ကြောင်းတစ်နေရာတွင်မှတ်သားဖူးသည်။
ထားပါတော့။

ဒီဇင်ဘာလတွင်ဒီဇင်ဘာလအားလွမ်းဆွတ်ရခြင်းလောက် နာ ရ သည့်ဇာတ်မျိုး ရှိနိုင်တော့မည်မဟုတ်(ဟုထင်သည်။) တစ်ချိန်တုန်းကဒီဇင်ဘာဆိုသည်မှာ - - -

၁။လျှပ်ပို့စာ
၂။ ပရီမီယာ ကော်ဖီ
၃။ကျောက်မြောင်း/စိတြ
၎။လျှပ်ပို့စာ
၅။
(က)၁၅.၁၂.၀၆
(ခ)သော့ချိတ်ခြင်းလုံးကလေး
(ဂ) chiclets တံဆိပ် chewing gum အပြာတောင့်
၆။၁၆ရက်နေ့ မိနစ်နှစ်ဆယ်စာ
၇။မျှော်သူ (ကဗျာ)
၈။
(က)ဖုန်းခေါ်သံ
(ခ) “ငါမပြောရင်နင်စိတ်ဆိုးမှာစိုးလို့”
(ဂ)အတွဲ ၁၅၊အမှတ် ၂၉၂။
၉။
(က)၂၄.၁၂.၀၆
(ခ)သဘောတူတဲ့ သူငယ်ချင်း
၁၀။
(က)အ၀ိုင်းထိပ် ကသူငယ်ချင်းအိမ်တက်
(ခ)လှေခါးဝနင့်မျက်ဝန်းများ
(ဂ)အငှားကားတစ်စင်းပေါ်မှာ
၁၁။
(က)၂ရ.၁၂.၀၆
(ခ)မလွှကုန်းလမ်း
(ဂ)အဓိပ္ပာယ်ဖော်ရန်ခက်သောမျက်နှာ
(ဃ)ချိန်းဆိုခြင်း
၁၂။
(က)မလွှကုန်းလမ်း
(ခ)အေးစက်သွားသော
(ဂ) chiclets တံဆိပ် chewing gum အပြာတောင့်

ဒီဇင်ဘာ။


အမှတ်တရဆိုသည်မှာ နောင်လွမ်းလို့ကောင်းရန်အတွက် သက်သေမျှလောက်သာ
ဖြစ်သည်. . . . . .ဟု တစ်ခါမှ မစဉ်းစားဖူးပါ။ ဒီဇင်ဘာကိုလွမ်းသည်။
ပက်ပက်စက်စက် လွမ်းသည်။ ပြေရာပြေကြောင်းဆိုပြီးရန်တွေသာလှိမ့်ဖြစ်လိုက်ဖို့
ကောင်းတော့သည်။ဈေးထဲမှ သားငါးရောင်းသည့် အန်တီကြီးများလို
ရန်ဖြစ်ဟစ်အော်လိုက်ရလျှင်ဖြင့် အတော်အတန် စိတ်ပေါ့သွားနိုင်ပါသည်။
ဒီလိုပါပဲ၊ဒီလိုပါပဲ၊ဒီလိုပါပဲ၊ ဒီလိုပါပဲ၊ ဒီလိုပါပဲ
အလွမ်းတွေနဲ့ချည်းလွင့်ထွက်ခဲ့ရတာ တစ်နှစ်ရှိပါပြီ။
မုန်းတဲ့သူအတွက်ကတော့လွယ်လွယ်ကူကူပဲဖြစ်လိမ့်မည်။
ရှိပါစေတော့။

တံခါးကိုပိတ်ထားသည့်အတွက် ဘာမှ မြင်ရလိမ့်မည်မဟုတ်ပါ။ ထိုတံခါးသည် သူလို ငါလို တံခါးတစ်ချပ်မဟုတ်။မျက်စိဖြင့်ကြည့်၍ မမြင်နိုင်သော၊ လက်ဖြင့် တွန်း၍၊ဆွဲ၍ မရနိုင်သော ခံစားမှုဖြင့် ဆောက်တည်ထားသော တံခါးသာဖြစ်ပါသည်။ ထိုတံခါးကိုကျွန်တော်ပိုင်ပါသည်။ xxx ဂျာနယ်မှ သတင်းထောက်မကလေး ပိုင်ပါသည်။ ဖွင့်ကြည့်ဖို့တော့လိုပါလိမ့်မည်။ ထိုအခါ ဒီဇင်ဘာကို တွေ့ရလိမ့်မည်။

ပြောစရာစကားလုံးများ ရှားပါးနေရသောအဓိကအကြောင်းအရင်းကို ရှာဖွေ ၍မရခြင်း၌တရားခံသည် မည်သူ ဖြစ်သနည်း။ကျွန်တော်လွမ်းဆွတ်သောဒီဇင်ဘာတွင် သူမ ရှိမနေတော့ပါ။ ယခုသူမ ရှိနေသောဒီဇင်ဘာကို
ကျွန်တော် မချစ်ပါ။ ကျွန်သော်သည် ဆယ့်နှစ်လလုံးလုံး ဒီဇင်ဘာတစ်မျိုးထဲတွင်သာနေချင်သူ ဖြစ်၏။ ကျွန်တော်သည် အရူးဖြစ်သည်။ မကျေနပ်စရာအကြောင်း မရှိပါ။ လွမ်းလွန်းလှပါသည်ဒီဇင်ဘာ။

မနက်ဖြန်ဆိုလျှင် ဒီဇင်ဘာမဟုတ်တော့ပါ။ ၂၀၀၆ ခုနှစ်၏ ယခုလိုနေ့ရက်မျိုးတွင် ဥပေက္ခာတချို့ ကိုစတင် ခံစားရဖူးသည်။ သို့သောလည်းဥပေက္ခာ ဆိုသည့်စကားလုံးကို ကျွန်တော်နားမလည်ပါ။ နားလည်ရန်လည်း
မကြိုးစားဖူးပါ။ လွမ်းဆွတ်များထဲတွင် တချို့ကိစ္စများကို တတ်သိနားလည်ရန်မလိုအပ်။

ကျွန်တော် မရောက်လည်း ရှိနှင့်ပြီးဖြစ်ကာ၊ ကျွန်တော် မရှိလည်း ဆက်လက် ရှိနေမည်ဖြစ်သော(ရန်ကုန် တက္ကကသိုလ်ရှိ) တောင်ငူဆောင်တွင် စတင်ခဲ့သော သူငယ်ချင်းသံယောဇဉ် ကိုသူမ မလေးစားခဲ့ပါချေ။
ထိုရက်များဆီက ဒီဇင်ဘာအကြောင်းကို ကျွန်တော် ကောင်းကောင်း မမှတ်မိတော့ ပါ။ ထို့ကြောင့် ကျွန်တော့တွင် အပြစ်ရှိသည် ဟုသူမက စွပ်စွဲလာလျှင်တော့ ကျွန်တော်ကခံယူဖို့ အသင့်ပဲဖြစ်ပါသည်။

နောက်ဆုံးနေဖြင့်ပြောပါဦးမည်။ ဒီဇင်ဘာကိုကျွန်တော် ပက်ပက်စက်စက်ကိုလွမ်းနေပါသည်။မနက်ဖြန်သည် ဒီဇင်ဘာမဟုတ်တော့သည့်အတွက် ဒီဇင်ဘာကား ပို၍ပို၍ လွမ်းဖို့ ကောင်းနေဦးးမည်သာဖြစ်ကြောင်း လာ၍
ဖျောင်းဖျခြင်းမပြု ပါနှင့်။ ဒီဇင်ဘာမဟုတ်သည့်လများတွင် ဒီဇင်ဘာာအားလွမ်းဆွတ်ရခြင်းမှာ
ဒီဇင်လာလတွင် ဒီဇင်ဘာအားလွမ်းဆွတ်ရခြင်းလောက်ရင်ခုန်စရာမကောင်းပါ။

ထို့ပြင် ဒီဇင်ဘာလတွင်ဒီဇင်ဘာလအားလွမ်းဆွတ်ရခြင်းလောက် နာ ရ သည့်ဇာတ်မျိုး ရှိနိုင်တော့မည်မဟုတ် တော့။ ပုထုဇ္ဇနော ဥမ္မတကော ဆိုသဖြင့် ကျွန်တော့အား အရူးဟု ပြောသူလည်း - - - - - - - ။
ကျေးဇူးတင်ပါသည်။

နေမိုးဝေ

No comments: