ဘယ်သူပဲဖြစ်ဖြစ် ဘဝမှာ တစ်ခါလောက်ပဲဖြစ်ဖြစ် အနည်းဆုံး ထီတစ်စောင်လောက်တော့
ထိုးဖူးသင့်တယ် ဆိုရင် နှာခေါင်းရှုံ့မဲ့သူ ရှိမလား မသိ။ ကျွန်တော်ကတော့ ထိုးဖူးသင့်တယ်လို့
ထင်တယ်။ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ ဆရာတစ်ယောက်ကတော့ ထီထိုးတယ်ဆိုတာ လူခွန်ဆောင်တာပဲတဲ့။
ဘောဂဗေဒသင်တဲ့ ဆရာပါ။ ရှောင်ခွင့် ရနေတဲ့ အခွန်ကို မင်းတို့မို့ အားတက်သရော ဆောင်နေကြတယ်လို့
ပြောခဲ့ဖူးတာ။ စဉ်းစားကြည့်တော့လည်း ဟုတ်သလိုပါပဲ။ အဲဒီတုန်းက သိန်း ငါးဆယ်ခေတ်လား
တစ်ရာခေတ်လား မမှတ်မိတော့ဘူး။ ဒါပေမဲ့ အခွန်ဆောင်(ထီထိုး) တဲ့ လူတွေကတော့ လျော့သွား လိမ့်မယ်
မထင်ဘူး။ အခု ၂၀၀၉ ခုနှစ်မှာ အကြီးဆုံးဆုကပဲ သိန်းတစ်ထောင်ဖြစ်နေပြီ။
ကျွန်တော်တို့ မူလတန်း၊ အလယ်တန်း ၁၉၉၂-၉၃ အချိန်တွေလောက်တုန်းက ထီတစ်စောင် ၁၀
လောက်ပဲ ရှိပြီး ဆုကြေးအမြင့်ဆုံးကတော့ ဆယ်သိန်း ဖြစ်မယ်ထင်ပါတယ်။
လူထုဒေါ်အမာရေးခဲ့တဲ့ စာအုပ်ဆိုင် လူဝင်လူထွက်ဆောင်းပါး တွေကို ဖတ်မိတော့ အခုလိုတွေ့ရတယ်။
“ထီကလည်း အရင်လိုမှ မဟုတ်တော့ပဲ ကျွန်မတို့ အရင်ကတော့ နှစ်လတစ်ကြိမ် ပေါက်မဲ အကြီးဆုံးက
တစ်သိန်းထီ ထိုးကြေးက တစ်စောင်နှစ်ကျပ်။ တစ်နှစ်မှ ခြောက်ကြိမ်ပဲ ဖွင့်တာ။
ဟော အခုတော့ တစ်လတစ်ကြိမ်လည်း ဖွင့်ပေးလာတယ်။ ထီထိုးကြေးကလည်း ၂ ကျပ်ကနေပြီး
တရားဝင်နှုန်းက ၁၀ ကျပ် မြှင့်တယ်။ပေါက်တဲ့သူက လည်း ၁၀ သိန်း၊ ၅ သိန်း၊ ၃ သိန်း တဲ့။”
ဒီနေ့ခေတ် ထီကတော့ တစ်စောင်ကို တရားဝင်ဈေးက ၂၀၀ ကျပ် ရှိပါတယ်။ တစ်ခါမှတော့ ၂၀၀ နဲ့
မဝယ်ဖူးဘူး၊ ၂၅၀ တော့ အနည်းလေးပေးရတာချည်းပါပဲ။ ဆုကြေးကလည်း တရားဝင် ကျပ်သိန်းတစ်ထောင်
ကိုး။ ဆုကြေးက အဆ တဆစ်ရာတက်လာပေမဲ့ ထိုးကြေးက အဆတစ်ရာမှ မတက်တာ ထိုးပျော်ပါတယ်။
အက္ခရာဘယ်နှစ်လုံး ရှိမှန်း တိတိကျကျ မသိဘူး ဂဏန်းကတော့ ခြောက်လုံးရှိတယ်။ ၂၅၁ မြောက်
ထီပေါက်စဉ်ထဲ ရှာကြည့်တော့ အက္ခရာ ဘကုန်း ကစလို့ မတွေ့ရဘူး။ ပေါက်စဉ်ထဲ မပါတာလား။ ထိုးရမဲ့
အထဲမှာကို မပါတာလား မသိပါဘူး။
ကျွန်တော်က ထီထိုးရင် မင်္ဂလာစုံတွဲလို အရွက်တွေအထပ်လိုက် ပါတာမျိုးကို မထိုးတတ်သလို နံပါတ်တွေလည်း
ရွေးပြီးထိုးလေ့မရှိဘူး။ ကျွန်တော်ထီရွေးတဲ့ ပုံက တစ်မျိုးပါ။ ကိုယ်ထိုးမဲ့ ထီက တန်းမှာချိတ်ထားတာမျိုး
မဟုတ်ဘဲ ကတ်တွေနဲ့ ထပ်ပြီးချထားတာဆို အဲဒီကဒ်တွေကို လက်ထဲယူပြီး ဖဲထုပ်လို အထက်အောက်
မွှေလိုက်ပါတယ်။ ပြီးတော့မှ ထီရောင်းတဲ့ သူကို ဖဲချိုးသလို တစ်ချက်ချိုးခိုင်းပြီးတော့ ကျွန်တော့ လက်ထဲ
ကျန်ခဲ့တဲ့ အပုံထဲမှာရှိနေတဲ့ အပေါ်ဆုံး ထီလက်မှတ်ကို ရွေးပြီးထိုးလိုက်တာပါပဲ။ တန်းစီပြီး ချိတ်ထားတာမျိုး
ဆိုရင်တော့ ထွေထွေထူးထူး ရွေးမနေတော့ပဲ ကြုံသလို ယူလိုက်တာပါပဲ။
ဆရာတစ်ယောက်ရှိပါသေးတယ်။ သူကတော့ လူခွန်ဆောင်တယ်ဆိုတာထက်ပိုဆိုးပါတယ်။ ထီထိုးတယ်ဆိုတာ
လူသိမ်လူမွှား၊ လူ့ငဖျင်း၊ လူ့အချောင်သမားများသာ ပြုအပ်သောရာ ပါတဲ့။ထားပါတော့။
ကျွန်တော်ကထီထိုးတာကတော့ ကိုယ်ပိုင် Idea သပ်သပ်ရှိပါတယ်။
ကျွန်တော့ အတွက်ကတော့ ထီထိုးတယ်ဆိုတာ ပိုက်ဆံပေးပြီးစိတ်ကူးယဉ်တာပါပဲ။
“စိတ်ကူးယဉ်တာပဲ ပိုက်ဆံပေးရတာမှတ်လို့” ဆိုတဲ့ စကားမျိုးတွေ ရှိပါတယ်။
ကျွန်တော်ကတော့ အဲဒီစကားနဲ့ ပြောင်းပြန်ပေါ့။ ဘယ်သူမဆို စိတ်အား၊လူအား ရှိတဲ့ အခါ စိတ်ကူး တော့
ယဉ်ဖူးကြမှာပါပဲ။ ဒီအတိုင်း အလွတ်သဘော ထက်စာရင် ငွေ လေး၊ငါရာ အကုန်ခံလိုက်တော့
နည်းနည်းပဲဖြစ်ဖြစ် ကိုယ့်အတွေးတွေက အဓိပ္ပါယ် ရှိလာသလို ခံစားရပါတယ်။
တစ်ခုရှိတာကတော့ ထီးပေါက်ရင် ဆိုပြီး ဘောလုံးအသင်း ဝယ်တာမျိုးတော့ စိတ်ကူးယဉ်လို့မရဘူးပေါ့လေ။
အကန့်အသန့် တော့ရှိပါတယ်။ ဖြစ်နိုင်ခြေတွေ တွက်ကြည့်မယ်ဆိုရင်တော့ ကိုယ့်ဘက်က ရာခိုင်နှုန်းကတော့
အင်မတန် နည်းမှာပေါ့လေ။ လုံးလုံးမထိုးတာထက်စာရင်တော့ တစ်စောင်လောက်ထိုးတာတာက
ပိုဖြစ်နိုင်ပါသေးတယ်။
ဘယ်ကိစ္စ မဆို အကြာင်း မရှိပဲ အကျိုး မရှိဘူးဆိုတဲ့ တရားကိုလည်း လက်ခံနိုင်ရပါမယ်။ ကျွန်တော်ကတော့
ကိုယ့် မှာ ငွေတွေရဖို့ ဆိုတဲ့ အကျိုးရဖို့ များရှိနေရင် အဲဒီ ကံ အကြောင်းတွေထဲ မှာ အထောက်အပံ့
တစ်ခုဖြစ်အောင် ထီကို ပုံမှန်ထိုး ဖြစ်နေဦးမှာပါပဲ။
သဘောမတူတဲ့ သူရှိရင် ကျွန်တော်က ရယ်နေမှာဖြစ်သလို၊ သဘောတူတယ် ဆိုရင်လည်း ရယ်နေမှာပါပဲ။
ဒီနေရာမှာ စကားချပ် သဘောမျိုး ပြောချင်တာကတော့ ဒီအက်ဆေးဟာ အောင်ဘာလေ ကြော်ငြာ
မဟုတ်ဘူးဆိုတာပါပဲ။
4 comments:
ထီ က တစ်စောင်ထိုးရင် ပေါက်နိုင်ချေ ဘယ်လောက်လဲ?
နှစ်စောင်ထိုးရင် ပေါက်နိုင်ချေ ဘယ်လောက်လဲ?
အဲဒီလိုပေါ့...
ဖြစ်နိုင်ချေ ရာခိုင်နှုန်းတွေပေါ်မှာ မူတည်ပြီး စိတ်ကူးယဉ်မှုရဲ့ အကောင်အထည် က ဘယ်လောက်ရာခိုင်နှုန်း ပေါ်ပေါက်လာနိုင်လဲ?
အရင်းနဲ့ အမြတ်မကိုက်ရင် (သို့) စိတ်ကူးယဉ် မှားနေရင် လို့ ကျနော်ယူဆမိတဲ့အခါမျိုးမှာ အဲဒီထီဆိုတဲ့ အရာမျိုးကို မထိုးဘူး.... ။ (အရင်းရှင်ပေါက်စ စိတ်ဓါတ်လို့ပဲ ပြောပြော)
အင်း ကိုနေမိုးဝေ ... ကျွန်တော်ကတော့ သဘောတူတဲ့အထဲပါတယ် .. အလကားသက်သက် ထီပေါက်ရင်ဆိုတာထက် ထိုးပီးတော့ စိတ်ကူးလေးယဉ်တာက အဓိပ္ပယ်ပိုရှိတယ် ထင်တာပဲ
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ...
ထီတော့အရင်တုန်းက ထိုးဖြစ်တယ်...
ကိုနေမိုးဝေ ပြောသလိုပေါ့..
ပိုက်ဆံပေးပြီး စိတ်ကူးယဉ်တာပေါ့...
ကိုယ်လည်းပဲ မလေးရှားမှာ ပိုက်ဆံပေးပြီး စိတ်ကူးယဉ်နေတယ်
Post a Comment