ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တုန်းကပေါ့။။
ကျွန်တော့ဆီမှာ ဆောင်းရာသီလေး တစ်ခု ရှိခဲ့ဖူးတယ်။ ဆောင်းရာသီကလေးဆီမှာလဲ ကျွန်တော်ရှိခဲ့တယ်။
စကားလည်း အများကြီးမပြောတတ်ကြသေးသလို၊ အသည်းလဲမကွဲ တတ်ကြသေးတဲ့ အရွယ်တွေပါ။
တစ်ယောက် အပေါ်မှာ တစ်ယောက်က ဘာအရောင်မှမပါခဲ့ကြလို့ အရမ်းကို ကြည်စင်ရှင်းသန့်လွန်းခဲ့တဲ့
ဘဝတွေပါ။ အရမ်းလွမ်းစရာကောင်းတယ်။
ကျွန်တော့ ဆောင်းရာသီလေးပါ။
တစ်ခါတစ်လေ သူက ကျွန်တော်နဲ့ အဝေးကြီးမှာ၊ တစ်ခါတစ်လေ ကျွန်တော်က သူနဲ့ ဝေးကြီးမှာ။
ချိုအီစူးရှတဲ့ အလင်းတွေ ထုံထိုင်းချင်ယောင် ဆောင်ထားတဲ့ ဖျတ်လတ်လည်ဝယ်မှုတွေ ကိုလည်း
သူက ပိုင်ဆိုင်ထားသေးတယ်။
ကျွန်တော့ ဆောင်းရာသီလေးပါ။
ဆယ်ကြိုသက် ဘဝတွေမှာ ကစားဖော်ဆိုလည်းဟုတ်တယ်။ သူငယ်ချင်းဆိုလည်းဟုတ်တယ်။
မောင်နှမဆိုလည်း ဟုတ်တယ်။ ရဲဘော်ရဲဘက်ဆိုလည်း ဟုတ်ခဲ့တယ်။
ကျွန်တော့ ဆောင်းရာသီလေးပါ။
အဲဒီတုန်းက အမက်မောဆုံး မက်မောခဲ့ကြတဲ့ ဆော့မြူးပျော်ရွှင်ချိန် တွေဟာ ကလေးဘဝရဲ့ အဖိုးတန်ကာလများပဲပေါ့။ ကျွန်တော် ကလည်း ပျော်၊ ဆောင်းရာသီကလေး ကလည်း ပျော်၊ ဘဝဆိုတာ
ကလည်း မော်ကြွားစရာလို့ကို ထင်ချင်စရာကောင်းခဲ့တာ။
ကျွန်တော့ ဆောင်းရာသီလေးပါ။
ဆယ်ကျော်သက် ဘဝတွေကို သူရောကိုယ်ပါ ရောက်လာခဲ့တယ်။ ကျွန်တော်ကလည်း အပေါင်းအသင်း အသစ်တွေ များလာခဲ့သလို သူကလည်း သူငယ်ချင်း အသစ်တွေ ရလာခဲ့တယ်။
အဲဒီ ဆောင်းတွင်းကောင်မလေးဟာလည်း ကျောင်းတော်မှာ တစ်ဖြည်းဖြည်း တောက်ပ လာ ခဲ့တယ်။ တဖြည်းဖြည်း အသက်ကြီးလာ တာနဲ့ အမျှ အကြောင်းအရာ မယ်မယ်ရရ မရှိပါပဲနဲ့ သူနဲ့ ကျွန်တော်က အနေဝေးလာခဲ့တယ်။
ကျွန်တော့ ဆောင်းရာသီလေးပါ။
သူက ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက်ထားလာခဲ့တယ်။ ကျွန်တော်ကတော့ စာအုပ်တွေတစ်အုပ်ပြီး
တစ်အုပ် ဖတ်ဖြစ်ခဲ့တယ်။ တစ်ခါတစ်ခါ တွေ့ဖြစ်ကြရင် နည်းနည်းပါးပါး နှုတ်ဆက်ရုံ ထက်မပိုတော့တဲ့ နွေးထွေးမှု
မှာ ကျွန်တော်ကဘယ်သူ့ကို တရားခံ ရှာရမှန်းမသိတော့ဘူး။
အမှားနဲ့ မကင်းနိုင်ကြတဲ့ လောကကြီးမှာ အနာဂတ်ကို ကြိုပြင်နိုင်ဖို့ ကိုယ်မမြင်ရတဲ့အရာတွေအတွက် ကျွန်တော်က ဘေးမှာပဲ ထွက်နေဖြစ်ခဲ့တာ များပါတယ်။ အဲဒါဟာ အမှားတစ်ခုဆို ကျွန်တော်တို့ အနေဝေးခဲ့
ရခြင်းမှာ အဓိက တရားခံဟာ ကျွန်တော်ပဲဖြစ်လိမ့်မယ်။
ကျွန်တော့ ဆောင်းရာသီလေးပါ။
ဒီလိုနဲ့ သူက မီးရောင်အောက်ကိုရောက်ခဲ့တယ်။ အောင်မြင်မှုတွေရော ကျဆုံးမှုတွေနဲ့ပါ ရင်ဆိုင်ရနိုင်ပါတယ်။
ကျွန်တော်က နားစွင့်နေရုံထက် ဘာမှတော့မပိုတော့ပါဘူး။ စဉ်းစားကြည့်ရင် ရယ်စရာတော့ ကောင်းပါသေးတယ်။ ဟိုးတချိန်က သူ့အကြောင်းသိချင်သူတွေက ကျွန်တော့ကို ချဉ်းကပ်ကြတယ်။ အခု ကျွန်တော်က သူများတွေဆီကနေ
သူ့အကြောင်းတွေသိခဲ့ရတယ်။
ကျွန်တော့ ဆောင်းရာသီလေးပါ။
သူတဖြည်းဖြည်း အမြင့်ကြီးကို ရောက်ခဲ့တယ်။ လေတွေလည်းအများကြီး အတိုက်ခံရလိမ့်မယ်။
နှင်းဝေနေတဲ့ ညနေခင်း အတင်းစကားတွေလည်း အမျိုးမျိုး အဖုံဖုံ ကြားရလာခဲ့တယ်။တစ်ချိန်တုန်းက
သံယောဇဉ်နဲ့ သူ့အတွက် ကျွန်တော်က ဘမှလုပ်မပေးနိုင်တဲ့အခါ
တစ်ခါတုန်းက ဆယ်ကြိုသက်ဘဝတွေကိုပဲ နာနာကြည်းကြည်း လွမ်းဆွတ်ကျိန်ဆဲနေမိတော့တယ်။
ကျွန်တော့ ဆောင်းရာသီလေးပါ။
အခုတော့လေ . . .နှင်းတွေ မ ကျ တော့ ဘူး။
5 comments:
အရမ်းကြိုက်ပါတယ်..
နှင်းတွေမကျတာ အိုဇုန်းလွှာပေါက်ပြီး ကမ္ဘာကြီး ပူနွေးလာလို့များလား.။
:)
အားပေးလျက်ပါ
ဆောင်းရာသီမှန်ရင် နှင်းတွေကျဦးမှာပါ
တရံတခါက ဆောင်းကလေး
နှင်းတွေနဲ့ ဝေးပြီပေါ့ ...
ကောင်းလိုက်တဲ့ အက်ဆေးလေးဗျာ ...
နားလည်ပေးနိုင်ပါတယ်ဗျာ...
ဆောင်းရာသီမှာ နှင်းမကျနိုင်တော့ဘူးဆိုတာ...
ဒီလိုပါပဲလေ... တခါတခါ ဘ၀တွေက ဘာမှန်းကို မသိတာ....
ပျော်ရွှင်ပါစေဗျာ...
ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်
Post a Comment