ဘယ်သူမှ ရိုက်နှက် စစ်ဆေးခြင်း မရှိသည့်တိုင် အောင် ကျွန်တော့်ထံတွင် ချစ်သူ တစ်ဦး
ရှိကြောင်း ဝန်ခံလိုလှသည်။ သူမအားကျွန်တော် မည်မျှချစ်ကြောင်းကိုမူ ပြောရန်မလိုအပ်ဟု
သဘောထားလျှက် ကျွန်တော်က ချန်လှပ်ထားခဲ့မည်။ စိတ်တော့ဖြင့် မရှိစေလိုပါ။
တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြသည်ဟု ဆိုရုံဖြင့်လုံလောက်မည်ထင်သောကြောင့်
လည်းဖြစ်ပါသည်။သူမသည် ကျွန်တော့အား စကားများစွာ ချွဲနွဲ့ ပြောဆိုတတ်သလို၊ကျွန်တော့နံဘေး၌
တိတ်ဆိတ်ငြိပ်သက်စွာလည်း နေလေ့ရှိတတ်သည်။
တစ်ခါတစ်ရံ၌ ဘာစကားမှမပြောပဲနေခြင်းသည် ကျွန်တော်နှင့် ချစ်သူ၏ကြားမှ ဆူညံပေါက်ကွဲမှု
တစ်ခုဖြစ်ကြောင်း နားလည်ရန်လိုအပ်၏။ စိတ်နာကြည်းဖွယ် အခြေအနေများကြုံလာတိုင်း မူလထက် ပို၍
ပြုံးရယ်လေ့ရှိသော သူမ၏အပြုံး သည် ရံဖန်ရံခါ၌ ကြောက်မက်ဖွယ် အသွင် ဆောင်လေ့ရှိသေးသည်။ ထိုအပြုံး
အပေါ်၌ ကျွန်တော်က သေလုမြောပါး တိမ်းမူးတတ်သောအခါ ကျွန်တော်က ကိုယ့်ကိုယ်ကို အံ့သြခြင်းမရှိ
နိုင်သေးချေ။
သူမသည် ကျွန်တော်၏ အိန္ဒြာကျော်ဇင် ဖြစ်သည်။ သူမသည် ကျွန်တော်၏ မိုးယုစံ ဖြစ်သည်။
သူမသည် ကျွန်တော်၏ ကင်တေဟီးဖြစ်သည်။ သူမသည် ကျွန်တော်၏ ကင်ဟာနူးဖြစ်သည်။ သူမသည်
ကျွန်တော်၏ ဟယ်လင်ဖြစ်သည်။ တစ်စုံတစ်ရာ ပြန်လည်ခွန်းတုန့်ပြန်ရန် မကြိုးစားပါနှင့် အိုဘားမားကြိုက်
လျှင် မစ်ရှဲလ်အိုဘားမား လည်းချောမည်သာ ဖြစ်လိမ့်မည်။
ကျွန်တော်သည် စကားကိုတောင်ရောက်မြောက်ရောက်ပြောတတ်သလို စာကိုလည်း တောင်ရေး
မြောက်ရေး ရေးလေ့ရှိသည်။ထို့အပြင် ကျွန်တော်က လိုအပ်တာထက်ပို ၍စိုးရိမ်ကြောင့်ကြ တတ်၏။ကျွန်တော့
အားသူမ က စိတ်ကောက်ကာ အိမ်ပြန်သွားသောနေ့မျိုးဆိုလျှင် ကျွန်တော်က ထိုတစ်ညလုံးအတွက် နေထိုင်
စရာအရပ်မျက်နှာများပျောက်ဆုံးသွားတတ်၏။ သို့သော်သူမသည် ကျွန်တော့အား တစ်ရက်ထက်ပို၍ စိတ်
ကောက်လေ့မရှိတတ်ပေ။
တစ်ခါတစ်ရံ ကျွန်တော်က သူမအားစိတ်ဆိုး၊စိတ်ကောက်သည့်အခါမျိုးတွင်မူ သူမသည် ကျွန်တော့အား
ချော့တတ်ခြင်းမရှိပဲ ဘေးနား၌ မျက်နှာငယ်ကလေးဖြင့်သာနေလေ့ရှိသည်။ သူမပြောလေ့ရှိသော
“ချော့မှ မချော့တတ်တာ” ဆိုသော စကား၌ ပင် ကျွန်တော်အရည်ပျော်ခဲ့ ရသည်ကများသည်။
ပျိုးလာခဲ့သောအကြောင်းအရာတို့ကဖြင့် များလှပါပြီ။ အဓိကပြောလိုရင်က ယခုသူမကျွန်တော့ကို
စိတ်ကောက်လျှက်ရှိ၏။ ဖွဟဲ့ လွဲပါစေဖယ်ပါစေ ရေဒီယို ကလည်း တိုက်တိုက်ဆိုင်ဆိုင် မျက်နှာ သီချင်းမှ
လာရတယ်လို့။ ဘာပဲဖြစ်ဖြစ် ယခုသူမကျွန်တော့ကို စိတ်ကောက်လျှက်ရှိ၏။ ထိုကြောင့် ကျွန်တော့အဖို့ အိပ်၍
မရနိုင်သေးချေ။ ကိုယ့်ချစ်သူ စိတ်ကောက်နေသောအချိန်ဆိုသည်မှာ (မိမိချစ်သူကို အလေးထားသည့်) ကြုံဖူး
သူတိုင် ကိုယ်ချင်းစာနိုင်မည်ဟုထင်ပါသည်။ “နောက်ဘယ်တော့မှ စိတ်မကောက်တော့ဘူးနော်” ဟု
စိတ်ဆိုး/စိတ်ကောက် ပြေတိုင်း ပြောလေ့ရှိသော ကျွန်တော့ချစ်သူသည် ယခုကျွန်တော့အား စိတ်ကောက်နေ၏။
ကျေးဇူးပြု၍တစ်လောကလုံးတရားခံပေါ်ခါနီးစုံထောက်ကားကြည့်နေရသလို(နှာစေးပျောက်ဆေးကြာ်ငြာမဟုတ်ပါ) တိတ်ဆတ်ငြိမ်သက်ပေးကြပါ။
“နောက်ဘယ်တော့မှ စိတ်မကောက်တော့ဘူးနော်”
ဟု သူမ ကပြောသည့်အခါ ကျွန်တော် မကြားလိုက်ရမှာ စိုးရိမ်လွန်းသောကြောင့်ဖြစ်သည်။
2 comments:
ချစ်သူစိတ်ကောက်နေလို့ စိတ်ညစ်နေတာလား ကိုနေမိုးဝေရ...စိတ်ကောက်တဲ့ ဆိုမှ ချစ်လို့ပေါ့နော်...
သူများတွေများ အားကျစရာ...စိတ်ကောက်မယ့်သူရှိတယ်...
အနော့်မှာတော့ ကိုယ့်ဖာသာစိတ်ကောက် ကိုယ့်ဖာသာပြန်ချော့နေရတယ်... သနားစရာဘ၀...
;)
that is so sweet of u and ur gf...
congratulation :)
Post a Comment