Jul 9, 2010

စိမ်းလန်းသောသစ္စာ၊သိမ်မွေ့ခြင်းအလွမ်းများနှင့် ကျွန်တော်ချစ်ရပါသော “ဝေ”

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ ပန်းတွေနဲ့ဝေ ဝတ္ထုကို ဖတ်၍ သဘောကျခဲ့ဖူးသည့် အချိန်က ကျွန်တော်က “ဝေ” ဟု ခေါ်ရမည့် ချစ်သူတစ်ဦး ရှိလာခဲ့လိမ့်မည်ဟု ကြိုတင်၍ မသိရှိခဲ့မိပါ။

ထိုဇာတ်လမ်းနှင့် ဘာမှမဆိုင်သော်လည်း ကျွန်တော့တွင်လည်း ဝေ ဟုခေါ်သော ချစ်သူတစ်ယောက်ရှိသည်။
ဘာသာစကားဖြင့် မလုံလောက်သော မြစိမ်းရောင် သစ္စာတရားကို ကတ္တီပါသားသဖွယ် တွယ်ကပ်တပ်ဆင်ကာ ရင်တွင်း၌ ဝတ်ဆင်၍ထားကြောင်း သူမအားကျွန်တော်က ပြောပြသည့်အခါ ချစ်သူက ကမ္ဘာပေါ်ရှိ ဘယ်မိန်းမမှ မတတ်စွမ်းနိုင်သော အပြုံးတစ်မျိုးဖြင့် ကျွန်တော့အားတုံ့ပြန်၏။ ထိုအပြုံးအား အဓိပ္ပါယ်ဖေါ်နိုင်သူဟူ၍လည်း ကမ္ဘာပေါ်၌ ကျွန်တော်တစ်ယောက်သာ ရှိနိုင်လိမ့်မည်ထင်သည်။

နှင်းထုတို့ဖြင့် ဖုံးလွှမ်းသော ရေခဲတောင်၊ လင်းမြစိုလက်၍ အရောင်တဖိတ်ဖိတ်လက်နေသော စိန်ပွင့်တစ်ပွင့်၊ မြအေးမွှေးချိုသော မိုးရာသီညနေခင်း တို့နှင့် အလားသဏ္ဍန်တူသော သူမနှင့် ကျွန်တော့ကြားမှ ဆက်ဆံရေးမှာ ပြာဝန်းကြည်စင်သည့် အပြန်အလှန်နားလည်မှုများပင်ဖြစ်သည်။

မနာလိုရာကောင်းလှသော ချစ်ခြင်းဖြစ်သည်ဟူ မှတ်ယူ စိတ်ထားရှိခဲ့လျှင် ကျွန်တော့အနေဖြင့် ကန့်ကွက်ရန်အကြောင်း မရှိလှသော်လည်း အကြွားပိုရန်ကော ဟုထင်မြင်ယူဆခဲ့လျှင်မူ ကျွန်တော်နှင့် အကြီးအကျယ် စစ်ခင်းရလိမ့်မည်ဖြစ်သည်။ ငြိမ်းချမ်းရးကို ရှေးရှုသော အားဖြင့် ကျွန်တော်တို့အား အနည်းငယ်ပဲဖြစ်ဖြစ် မနာလိုစိတ်ကလေးများ ထားလိုက်ပါမိတ်ဆွေ။
အပြုံးချိုသော၊ သူတပါးနစ်နာ,မည်ကို အမြဲစိုးရိမ်တတ်သော၊ ကလေးငယ်ငယ်လေးများတွေ့လျှင် အသည်းတယားယားနှင့် ချစ်တတ်သော။ အစ်ကိုနှစ်ယောက်နှင့် မောင်သုံးယောက်ရှိသော၊ တစ်ခါတစ်ရံ ယောင်္ကျားဆန်တတ်သော၊တစ်ခါတစ်ရံ ခေါင်းမာတတ်သော၊ တစ်ခါတစ်ရံ ပါတ်ဝန်းကျင်ကို အလွန်ဂရုစိုက်တတ်သော၊ တစ်ခါတစ်ရံ ကျွန်တော့ကို စိတ်ကောက်တတ်သော၊ တစ်ခါတစ်ရံ နှုတ်ခမ်းနီဆိုးသည်မှအပ မျက်နှာပေါ်သို့ သနပ်ခါးမှလွဲ၍ တခြား အလှပြင် ပစ္စည်းများ မလိမ်းခြယ် တတ်သော ကျွန်တော်ချစ်ရပါသော . . . . . .ဝေ။

လတစ်လ၏ နှစ်ဆယ်ရာခိုင်နှုန်းမှာ သူမနှင့်ကျွန်တော် တစ်ဦးကို တစ်ဦး မြင်တွေ့ခွင့်ရသည့် နေ့ရက်များ ပင်ဖြစ် သည်။ နှစ်ဦးသား ဘဝတစ်ခုမထူထောင်နိုင်သ၍ ဇာတိရွာသို့ သူမပြန်သည့်နေ့များတွင် သူမ လိုက်ပါသွားသည့် ကား၏ ဆန့်ကျင် ဘက်သို့ ကျွန်တော်က လျှောက်လှမ်းရမြဲပင်။ လွမ်းဆွတ်ခြင်းကဗျာများကို အကြိမ်ကြိမ် ရွတ်ဆိုခဲ့ရပြီးသည်၏နောက်၌ ကျွန်တော်က သူမအား သိမ်မွေ့စွာပင်လွမ်းဆွေး တတ်လာသည်။

ထိုသို့ ဆိုလျှင်ဖြင့် ယခု ဤစာစု အား ကျွန်တော် ရေးသားရသည့်အကြောင်းအရင်းအား မိတ်ဆွေအနေဖြင့် ရိပ်မိကောင်းရိပ်မိ နေနိုင်ပြီထင်ပါသည်။ ယခုအချိန်သည် ကျွန်တော့ အနား၌ သူမ မရှိသည့် အချိန်များပင်ဖြစ်ပါသည်။ ထိုအခါ မျိးတွင် ကျွန်တော်က သူမကို အခုလို သိမ့်မွေ့စွာ . . . ။

6 comments:

ခိုင်နုငယ် said...

ဝေးကွာနေသောချစ်သူများ
အမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေ။

နတ်ဆိုးလေး said...

မျှဝေခံစားသွားတယ်နော်
ဆြာသမား
တစ်လတစ်ပုဒ်ပဲလား ရေးပါဗျ

ငွေလမင်း said...

အဲဒီလောက်ချစ်တာ...ဘာလို့အခုဝေးနေ တာလဲ...စိတ်မကောင်းဘူး..မြန်မြန် ဆုံတွေ့နိုင်ပါစေ..

မောင် လေး said...

ကိုယ်ချင်းစာစွာဖြင့် အားပေးခံစားသွားပါသည်

jr.lwinoo said...

အရေးအသားက အလွမ်းကို မြင်နေအောင် ..
ဟုတ်ဘူး ..စိမ့်ထွက်လာတယ်ဗျ။
စာထဲကနေ ..

ညလင်းအိမ် said...

ချစ်သူနဲ့ အမြန်ပြန်ဆုံစည်း ရပါစေဗျာ ...

အဝေးကနေ သိမ်မွေ့စွာ ချစ်တတ်သော
အထိုလူကို အကြင်သူတို့က အားပေးကာ
ချစ်စွာသော သူက သတိရနေပါစေသား ....း))