Jul 1, 2010

နှင်းစက်လက်ကျန်

ထုတ်ပြမှ သိရမဲ့ အတူတူ
ကိုယ့်ကိုယ်ကိုပဲ
အဖုံးလုပ်ပြီး
ပိတ်နေလိုက်တော့မယ်။

အချစ်ဆိုတာ
ညှစ်ထုတ်သုံးရတဲ့
သွားတိုက်ဆေးဘူးမှ
မဟုတ်တဲ့ ဟာကို ။

ရဲ ပြမှမဟုတ်ဘူး
ပြာဖုံးနေလည်း
မီးခဲ . . . ပဲ ။ ။


အမှန်အတိုင်းဝန်ခံရရင် ဒီအကြောင်းတွေကို ပြန်မတွေးချင်တော့ဘူး။ အသိစိတ်က မတွေးချင်ဘူးဆိုတိုင်း နှလုံးသားနဲ့ မသိစိတ်က လိုက်နာနိုင်တာမှမဟုတ်ပဲ။
နှင်းရေ . . နှင်း ၊ နင်ဒီလောကကြီးမှာ ရှိသေးရဲ့လား နှင်းရယ်။ ငါဒီလို သတိရနေတာတွေကိုရော နင်သိနိုင်
ပါ့မလား။ တကယ်သတိရပါတယ်နှင်းရယ်။

ပြန်လည်တွေးတောရန်ပင် မလိုအပ်တော့ပြီ ဖြစ်သော အခြေအနေအကြောင်းတရားမျိုး၌ အသိတရား နောက်သို့ လိုက်နာရန် ခက်ခဲလှသော ခံစားချက် အား အဘယ်သောချွန်းဖြင့် သပ်အုပ်ဆုံးမ၍ရမည်နည်း။ နေ၍မပျော်သော လောက၌ ပျော်အောင်နေရန် လာရောက်တိုက်တွန်းသော သူများကို နားရင်း နှစ်ချက်လောက် အုပ်ပစ်ချင်သော် လည်း အဆင်ပြေပြေ ပြုံးပြခြင်းဖြင့်သာ ကိစ္စပြီးစေခဲ့သည်။ တော်ပါပြီ ရူးလောက်ပြီ ဖြစ်သော ခံစားချက်၌ အရာရာ လုံလောက် ခဲ့ပြီးဖြစ်သည်။

နင်ဘယ်ဆီမှာလဲ နှင်း ငါ့ ကို သတိရလား၊ ငါ့ကို သတိမရဘူးလား။ ငါ့ကိုမေ့နေပြီလား၊ ငါ့ကိုမမေ့သေးဘူးလား။ ငါ့စိတ်တွေ နောက်ကျိရှုပ်ထွေး လွန်းတဲ့နေ့ ရက်တွေဆို နင့်ကို ငါပြင်းပြင်းပြပြ သတိရမိတယ်။ တကယ်ပါပဲနှင်းရယ် အနောက်ကို ပြန်လှည့်ကြည့်လိုက်တိုင်း တမင်မေ့ဖျောက်ထားခဲ့တဲ့ နင့်ပုံရိပ်တွေပဲ မြင်ယောင် နေမိတယ်။ နင့်နဲ့ငါ ကြားထဲက အတိတ်နေ့ရက်တွေ က . . .




သန့်နှင်းဖြူ . . . တစ်ခါတုန်းက ကျောင်းတက်ဖော် … သူမ။
သူမနှင့်ကျွန်တော့ကြားထဲက အတိတ်နေ့ရက်တွေ ကမခမ်းနားလွန်းသည့်တိုင် နုံချာသောဖြစ်ရပ်များ ဟူ၍လည်း မဟုတ်ခဲ့ပါ။တစ်ဦးနှင့်တစ်ဦး စကားပြောအဆို နည်းခဲ့ကြသလောက်စကားလုံးများထက်ပိုသော အမြင်ကွန်ယက် အချင်းချင်း ယှက်နွယ်ဆက်ဆံရေး၌ယဉ်ကျေးမှုမြင့်မားခဲ့ကြလေသည်။ နီကိုရဲ၏ လေသံ ကလေးနှင့် ဆိုလျှင်တော့ “ထိုသို့ ချစ်ရပါသော သန့်နှင်းဖြူ” ။

မနေ့ကငါ့အိပ်မက်ထဲကို လာလည်တာ နင်လား ..နှင်းရယ်။ နင် ဘယ်မှာရှိနေမယ်ဆိုတာ ငါမသိပါဘူးဟာ။ တကယ်တော့လည်း အခုအချိန်ဆို နင်ငါ့ကို မုန်းချင်မုန်းနေ မှာပေါ့။ နင်ငါ့ကို ဘယ်လောက်အထိ နာကျည်းနေမှာလဲနှင်း။ ငါမတွေးရဲခဲ့ဘူးဟာ။ ဒါပေမဲ့ နင်မသိပါဘူး နှင်းရယ်. .မပြည့်စုံတဲ့ ဘဝရဲ့ အဓိပ္ပါယ်ကို။ ဆုံးဖြတ်ချက်တစ်ခုကို တောင်းခံဖို့ ကြောက်ရွံ့ အားနည်း ဖြူသလား မည်းသလားလည်း မတွေးရဲ ခဲ့ဘူး။

အသစ်တဖန် ပြန်လည်ရှင်သန်ခွင့် မရှိတောပြီ ဖြစ်ဘော ဘဝ တစ်ခု၌ လွမ်းဆွတ်ခြင်း သက်သက် မနက်ဖြန်ခါ များသည် မည်းမှောင်ခေါင်နက်လွန်းလှ၏။ နီယွန်မီးရောင်တို့ဖြင့် နီမောင်းလက်ပြောင်နေသော မြို့လယ်ခေါင် လမ်းမများ၏အိမ်ပြန်ချိန် ၌ ကျွန်တော်တစ်ယောက်ထဲ တိတ်တိတ်လေး လမ်းပျောက်နေခဲ့ဖူးသည်။ မဖြစ်နိုင်တော့ မှန်း သိခဲ့ခွင့် ရခဲ့သည့်အခြေအနေများ၏နောက်တွင်ကား ကျွန်တော့ အနေဖြင့် ရူးသွားသင့်သော် လည်း မရူးခဲ့သဖြင့် ကိုယ်ကိုယ်ကို အံ့သြရသေးသည်။

ဘာပဲဖြစ်ဖြစ် နင့်ကိုငါ ချစ်တယ်ဆိုတာ သက်သေပြစရာ မလိုခဲ့မှန်း နင်လက်ခံနိုင်မှာပါ နှင်းရယ်။ ဒါပေမဲ့ အခုတော့ ဒီစကားတွေ ပြောစရာမလိုတော့အောင်ကို လုံလောက်စွာပြီးဆုံးခဲ့ပါပြီ။ ဒီစကားတွေကတော့ ငါ့လက်ထဲ ကျန်နေသေးတဲ့ နှင်းစက် တချို့တဝက်တွေပေါ့ဟာ။
နှင်းစက်လက်ကျန် . . . လို့ ဖွဲ့လိုက်ရင် နင်က စိတ်ဆိုးနေမလားပဲ။




ဆိုကြပါတော့ ကျွန်တော်က အလွမ်းတွေ ခူးတဲ့ ရူးနှမ်းနှမ်း အကောင်။ဒါပေမဲ့ အဲဒီစကားကိုပဲ ကျေနပ်ရမှာပေါ့
နောက်ဆုံးတော့လည်း ဆွေးဆွေးမြည့်မြည့် အားလုံးကို မေ့သွားမှာပါတဲ့။ ရိုးရိုးလေးပဲ ရယ်နေလိုက်ပါတယ်။

ရာသီမမီပဲ ပွင့်ခဲ့ရတဲ့ပန်းလို
ဇာတ်လမ်းက ခပ်ဆန်းဆန်း . . .

မပြောပဲပြီးခဲ့ရတဲ့အပြင်
အသံတွေကလည်း
မတီးပဲ မြည်လွန်းတယ်။ ။

မီးမတောက်ဘူးဆိုလို့
မကြောက်ခဲ့တာပါ

အခုတော့ . .
တမြည့်မြည့်နဲ့ ။.


အဲဒီလိုပဲ ချစ်ခဲ့ရပါတယ် မိနှင်းရယ်။

4 comments:

ခိုင်နုငယ် said...

နှင်းစက်လက်ကျန်လေးလာဖတ်သွားပါတယ်။
နှင်းကိုမေ့ထားခဲ့ပြီးကာမှပြန်လွမ်းနေမိတာကိုး။
ပျော်ရွှင်ပါစေ။

ညလင်းအိမ် said...

ကိုနေမိုးဝေလို့ မပြောရဘူးဗျာ ...
စကားလုံးတွေထဲမှာ နှင်းတွေကြွေကျနေလိုက်တာ ...

ခင်တဲ့
ညလင်းအိမ်

မောင်ရှင်းသန့် said...

အလွမ်းတွေကိုခူးတဲ့ ရူး နှမ်းနှမ်းလူ ရဲ့ နှင်းက မထိရက် မကိုင် ရက် လို့ ကွန့် မန့် မရေးရဲသေးတာဗျို့

"ရဲပြမှမဟုတ်ဘူး
ပြာဖုံးနေလည်း
မီးခဲ... ပဲ "

~P~ said...

မိုက်တယ်...