၁။
ညသည်
လင်းလက်သည့်အသွင်ရှိ၏
နေ့စဉ်ရက်ဆက်
လှော်ခတ်လာပြီးဖြစ်၍
လှေသည်ကား
ကမ်း သို့
ကပ် တော့ မည် ။
ဖိတ်ခေါ်ခြင်းအလျှင်းမရှိငြားလည်း
ရောက်ရှိလာခဲ့ပြီ ဖြစ်သည် ။
လေတိမ်းရာမှ
ယိမ်း ၍ ပါ လာ သော
စံပါယ်ပန်း၏
ရ နံ့ စိမ်း စိမ်း တို့ သည်
အ ထိန်း အ သိမ်း မဲ့
ကျီ စယ် ကြ ၏
ထို ပတ် ဝန်း ကျင် သည်
မြူ ဆွယ် ခြင်း မ ရှိ ငြား
ကျွန်ုပ် မှာ ကား
တုန် - - လှုပ် - - ခဲ့ - - ချေ - - ပြီ ။
၂။
န ယုန် လ ၏
မိုးစက်မိုးပေါက်များသည်
ကြယ်တို့၏ သတို့သမီးအား
အဘယ်တန်ခိုးများ ပေးအပ်ခဲ့ပါသနည်း
ထိုမိုးဦး၌ရရှိတတ်သော
ရနံ့စူးစူးတို့သည်
ထူးထူးခြားခြားလှပနေသော
စံပါယ်ပွင့်ဖတ်ကလေးနှင့်
တစ်နည်း မဟုတ် တစ်နည်း
ပတ်သတ်နေနိုင်ပါသလော ။
ထိုစံပယ်ပွင့်ဖတ်ကလေးသည်
သူမ၏မျက်လုံးများအား
အဖြူရောင်ဘာသာစကားတို့ ဖြင့်
ခြယ် သ ထား ပြီး ဖြစ် သည်။
ကျွန်ုပ်၏ နှလုံးသားတို့ မှာ
အ ခြေ မ ခိုင် နိုင် တော့ ။
၃ ။
အကြောင်းပြချက် တို့ဖြင့်
လုံလောက်ခြင်းမရှိသသည့်တိုင်
ကျွန်ုပ်၏ နန်းမြို့ရိုးအား
သူမ၏ အမည်နာမဖြင့်
ကဗျည်း ရေးထိုးချင်ခဲ့ သည်။
အို . . .
နတ်ဘုရားအပေါင်းတို့
ကျွန်ုပ်အား
ဆောင် မ တော် မူ ကြ ပါ ။
ပွင့်ဖတ်ဖြူဖြူ
ထိုစံပယ်သူကလေးအတွက်
မြူတစ်မုန်စာပင်
ဖြစ်ပါစေ
ကျွန်ုပ် ပေးဆပ်ခွင့်
ရပါရစေ ။
၎။
ကောင်းကင်တော်မှ
ပြိုဆင်းလွင့်ကျလာသော
နိမိတ်ပုံများသည်
အဘယ်ကဲ့သော
သဘောသို့ဆောင်ပါသနည်း။
ဖွေးဖြူလန်းဆန်း
ထိုစံပယ်ပန်းကလေးအား
တစ်ခါတစ်ရံ၌
ပြုံးမူပြုံးရာတစ်ချို့နှင့်
လျှို့ဝှက်သိပ်သည်းစွာ
မြင်တွေ့ရသည်လည်းရှိ၏။
၅။
အိုဘယ့် ကောင်းကင်တော်
သင်၏ ရင်ခွင်တွင်းဝယ်
အပြာရောင်အဆင်းတို့ဖြင့်
တလွင်လွင် လင်း၍
နေချေပြီ။
အခါတစ်ပါး၌
ကျွန်ုပ်၏နှလုံးသွေးဖြူဖြူတို့ဖြင့်
သွန်းလုပ်ပြီးစီးထားသော
စံပယ်သရဖူအား
သူမထံပါး
ဆက်သရန်
အချိန်ကောင်းဖြစ်ပေမည်။
၆။
ကျွန်ုပ်၏ ရင်တွင်းမှ
ဝံ့ကြွားလှပလွန်းသော
ထိုစံပယ်ပျိုမကလေးသည်
နှင်းရည်တို့ဖြင့် စိုလူးသော
နံနက်ဦးတို့၏
အရှင်သခင်ဖြစ်သည်။
သိင်္ဂီ အဆင်းဖြင့်ဝင်းသော
နေ့လည်ခင်းများ၏
အလင်းတရားဖြစ်သည်။
လဲ့ဝါညိုသီ တိမ်သွေးချီသော
ဆည်းဆာ ရီရီ၏
ပီပြင်မှုလည်း ဖြစ်သည်။
သူမသည်သာလျှင်
ကျွန်ုပ်၏ အသက်ရှင်နေထိုင်ခြင်း
ဖြစ်တော့၏။
၇။
ထိုသို့ဖြင့်ပင်
ကျွန်ုပ်၏ နန်းမြို့ရိုးသည်
သူမ၏အမည်နာမတော်ဖြင့်
ရေးထိုးခွင့် ရရှိခဲ့လေသည်။
စံပါယ်ပွင့်ဖြူ
သူမကြောင့်ပင်
ကျွန်ုပ်၏ ဖြစ်တည်မှုအစုစုတို့ကား
စံပါယ်နန်းတော်ဟူ၍
ခေါ်တွင်စေခဲ့ပြီ။
နေ့စဉ်ရက်ဆက်
လှော်ခတ်လာပြီးဖြစ်၍
လှေသည်ကား
ကမ်း သို့
ကပ်ခဲ့ပြီ ဖြစ်တော့၏ ။
9 comments:
စံပယ်နန်းတော်တွင်
ကြိုင်လှိုင်သော စပယ်ပွင့်တွေနှင့်
စံတော်မူစေသတည်း ...း)))
ခေတ်ဟောင်း ကဗျာလေးလိုပဲ မိုက်တယ် ကိုနေမိုးဝေ ..
ကဗျာထဲက အသံနေ အသံထားကောင်းလွန်းပါတယ်။
မြန်မာဖောင့်မရှိတော့..ရောက်ပေမဲ့
ခုမှရေးလို့၇တာ.ဘလော့လေးဖတ်ရတာ.စံပယ်ပန်းကို
မြင်လာတယ်..တော်တယ်.အားပေးမယ်..ဆက်ရေးနော်
ဒီကဗျာမှာ Rhythm အရမ်းကောင်းတယ်ဗျာ။ ဖတ်၇င်း ဖတ်ရင်း လွင့်လွင့်သွားတယ် ။ မီးတောက်ရစ်သမ် နဲ့ နှိုင်းတာတောင် လွန်တယ်လို့ ပြောရဲဘူးဗျ ။
စံပါယ်ပွင့်ဖြူ
သူမကြောင့်ပင်
ကျွန်ုပ်၏ ဖြစ်တည်မှုအစုစုတို့ကား
စံပါယ်နန်းတော်ဟူ၍
ခေါ်တွင်စေခဲ့ပြီ။
အရမ်းမိုက်တယ်ဗျ... စံပါယ်ကို အပြည့်အ၀ ခံစားထားတာပဲ
ကြိုက်တယ်ခင်ဗျာ
နံပတ်တစ် .. တာရာမင်းဝေကို သတိရတယ်
နံပါတ်နှစ် .. ဘုရားသခင်နဲ့ စကားပြောနေသလိုပဲ
နံပါတ်သုံး .. လွန်ခဲ့သော နှစ်တွေကသာ ဖတ်မိရင်
မျက်ရည်ကျမိမလားမသိဘူး
နံပါတ်လေး .. ဖတ်ရင်း ဖတ်ရင်း လွင့်လွင့်သွားတယ်ဆိုတဲ့ မောင်ရှင်းသန့်ကို ထောက်ခံတယ် .. ငါလည်း လွင့်လွင့်သွားတယ် မောင်ရာ
နေ့ စဉ် ရက် ဆက်
လာ လို့  ဖတ်
ကျွန်ုပ် သည် ကား
ကမ်း မ ကပ် နိုင် သေး ပါ က လား ။ ။
ခင်မင်လျှက်
အုပ်ကြီး
ကဗျာလေးက စကားလုံးအဆန်း.. ဖွဲ့စည်းပုံအဆန်းတွေနဲ့ အတော်လေး လှတယ်အကို........
ကျနော်လဲ အဲ့လို ရေးတတ်ချင်တယ်ဗျာ......
ကျနော်လဲ ကိုလစ်တဲဘရွတ်ကို ထောက်ခံတယ်... သူပြောတဲ့အတိုင်း ကွက်တိပဲ.. ကျနော့်ခံစားချက်နဲ့......
နောက် ... ကျနော် သိပ်ကျေးဇူးတင်တယ်.. အကို ကျနော့်ကို တကယ်အားပေးတယ်ဆိုတာ ကျနော် ပြန်သိရတာ ကျနော့်အတွက် အရမ်းအားဖြစ်စေခဲ့တယ်... အကို.. ခင်ဗျားကို ကျနော် တကယ်လေးစားတယ်........ =)
ကျွန်တော် နောက်တစ်ခေါက် ထပ်လာဖတ်တယ် ကိုမိုးဝေ ...
တကယ့်ကို နှစ်သက်မိလို့ပါ ...
အဲ့တုန်းက ပထမဆုံး မန့်ခဲ့သူဟာ ကျွန်တော်ဖြစ်နေတော့ ပိုအံ့သြမိတယ် ...
ဒါကြောင့် ဒီကဗျာကို အရမ်းရင်းနှီးနေပါတယ်လို့လေ ...
Post a Comment