Jan 19, 2011

စိမ်းခက်နှင်းဆီ

၁။
ကမ္ဘာဦးတုန်းက
နှင်းဆီဖူးတစ်ဖူးလိုပါပဲ
ဝံ့ကြွားလှပလွန်းတယ် ။

လေပြေလမ်းကွေးတွေကလည်း
ကောင်မလေးရဲ့
လာရာလမ်းကို မွှေးမြစေလေရဲ့။

နှလုံးသားတစ်ခုကို
ဒူးထောက်ကျစေဖို့
ဘယ်လိုတရားတွေ
နင်ပိုင်ဆိုင်ထားလဲ မိနှင်းဖြူ ။

မိုးရာသီတွေ
စ ကစား ထဲက
နင့်အနားမှာ ငါပြိုလဲခဲ့တာ
အတန်းတံခါးဝက
ထိုင်ခုံအိုကြီး သိပါတယ် ။

ဘဝကို အရည်ပျော်စေတဲ့
နင့်ရဲ့ခြေသည်းဖွေးဖွေး တွေမှာ
ငါသီကြွေးတဲ့
ကဗျာလေးတစ်ပုဒ် ရှိနေလိမ့်မယ် ။

လပြည့်ညမှာ
ဗိုင်းငင်တာမျိုး မဟုတ်ပါဘူး
တစ်ဘဝလုံးအတွက်
အလှဆုံးဖြစ်အောင် ချစ်မှာပါ
ငါ့ အလွမ်းတွေရဲ့ ပိုင်ရှင်ကလေးရယ်။ ။

၂။
ကျောင်းဝင်းထဲမှာ
မိုးတွေရွာတုန်းက
ငါ တိတ်တိတ်ကလေး
ကြိတ်ငိုခဲ့တာ
ဘယ်သူမှ မသိရင်တောင်
ငါ့လွယ်အိတ်ကလေး
အသိဆုံးဖြစ်မှာ ။

မိနှင်းဖြူရေ . . .
“ပပ” တို့ ဘယ်လိုလှတယ်ဆိုတာ
မမြင်ဖူးပေမဲ့
လွန်ကြူးတယ်လို့ ငါမပြောဘူး။

နင်ပြုံးလိုက်တဲ့ အခါမတော့
“ပပဝတီ” ဆိုတာလည်း
ရီစရာကြီး ဖြစ်နေမှာ ။

ကဗျာတစ်ပုဒ်လောက်နဲ့
လူလုပ်နေတဲ့ မဖြစ်စလောက် ကောင်ရဲ့
အချစ်ဆိုတာ
အနေအထိုင် ကျစ်လျစ်လွန်းတဲ့
နင့်အတွက်
ခါးတဆစ်ဆစ် ဖြစ်မှာပေါ့ ။

ဒါပေမဲ့
ငါကလည်း ရူးပါတယ် နှင်းဖြူရယ်
နင့်ကို ချစ်လို့ပဲ
ဘဝကို ကဗျာတွေနဲ့
ထု
ဆစ်
ခဲ့

တာ ။ ။

၃။
မိုးဓါးတစ်ချောင်းရဲ့ အသွားနဲ့
အလွမ်းတွေ ရေးထားတဲ့ ကဗျာ
ငါ့ကမ္ဘာရဲ့ မနက်ခင်း
ရင်တွင်းအလင်းကို
ဖွင့်ပေးရုံ
နင် ငါ့ကို
ပုံပြင်လေး တစ်ပုဒ်လောက် ပြောပြပါလားဟင် ။


. . . . . . . . . . . . . . . .
. . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . ။

. . . . . . . . . . . . . . . .
. . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . ။

နင် ယုံကြည်မယ် ဆိုရင်လေ
ကံကြမ္မာ မိုးတိမ်တွေကို
ငါစိမ်ခေါ်လိုက်ချင်တယ် မနှင်းဖြူ။

ကျောင်းတံခါးတွေ
ပိတ်သွားရင်တောင်
နင့် အပြုံးတွေ
မအိပ်စက်ကြပါနဲ့ -

ငါ့ ဘဝ ရဲ့ တန်ဖိုး ဆိုတာ
နင့်ကို ခိုးကြည့်ရတဲ့
ခပ်တိုးတိုး ဒဏ်ရာတစ်ပုဒ်ပါပဲ နှင်းဖြူရယ် ။ ။

၎။
ငါဟာ ပလိုင်းပျောက်နေတဲ့
မြားတစ်စင်း
အရာရာကို
နင်းခြေပြီး
ရူးခဲ့တယ် ။

ဥပေက္ခာ လမ်းချိုးတွေရဲ့
စစ်ပွဲမှာ . . . ဆို
ကံ့ကော်ရွက် တစ်ရွက်လိုတောင်
မဖျတ်လတ် နိုင်ခဲ့ဘူး ။

နင့်ကို လွမ်းရတဲ့
ငါ့အချစ်ဟာ
ကြယ်တွေ အစင်းစင်းလင်းလက်သလို
ရွှန်းမြတောက်ပလွန်းတဲ့
ငွေရောင် သစ္စာဓါး တစ်လက်ပါ မနှင်းဖြူ ။

ချစ်ရတဲ့ အတန်းဖော်လေးရဲ့
ပတ်ဝန်းကျင်မှာ
ငါ့ ဘဝကို ဖြန့်ခင်း
နင်ဆိုတာ ငါ့ရင်တွင်းမှာ
လင်း မြ နေ တဲ့
အစိမ်းရောင် နှင်းဆီပွင့် တစ်ပွင့်ဖြစ်တယ်။

ငါ့ဘဝ ငါ့သီချင်းကို ဆိုခွင့်မရတဲ့
မလှမပ မနက်ခင်းတွေမှာ
စကားတင်း တွေလည်း
ဝိုင်းပြောတတ်ကြသေးတယ် ။

သိပ်တော့လည်း
တုန်လှုပ်မိတယ်မဟုတ်ပါဘူး
နင့် အလှမှာ ယစ်မူးပြီးထဲက
ကိုယ့်ကိုကိုယ် အရူးလို့ပဲ သဘောထားခဲ့တာ ။ ။

၅။
တစ်ခါက လို့ပြောပေမဲ့
ဘယ်တော့မှ နောင်တရမှာ
မ ဟုတ် ဘူး ။

“မစိုပဲ နဲ့ မညိုပါနဲ့ မိုးရယ်” တဲ့
အတန်းတံခါးဝက ထိုင်ခုံအိုကြီးက
နောက် -
ဆက်ပြောသေးတယ်
“အလွမ်းတွေနဲ့ပဲ
တစ်ဘဝလုံး လောင်ကျွမ်းနေတဲ့ ကောင်၊
အမှောင် ထဲမှာပဲ ကျန်ခဲ့တော့ . . . . . . . .” ။


ဒီလိုနဲ့ပဲ
အရင်တုန်းကလို
ငါ့ရဲ့ကောင်းကင်ဟာ
ဆောင်းရဲ့ ပတ်ဝန်းကျင်ကို
ဝင်ရောက်လာခဲ့တယ်။

နှင်းတွေ မပါပဲ
လင်းတဲ့ ညရဲ့
သန်းခေါင်ယံလို
အသံတွေ တိုး . . . တိတ်
အလွမ်းတွေနဲ့ တော့
မနှိပ်စက်ပါနဲ့ မိနှင်းဖြူရယ် ။

လမင်းမလင်းတဲ့
ကျောင်းခန်းတွင်းက ရက်တွေမှာဆို
ငါ ငို ချင် နေ တာ ။

စာသင်ခန်းတွေရဲ့ အပြင်
သံစဉ်မရှိတဲ့ သီချင်းတစ်ပုဒ်လို
ဗာဒံ ပင်ကြီးအောက်မှာ
လွမ်းဆွတ်ကြေကွဲ
နင်လည်း ကျောင်းမှန်မှန် တက်ပါဦး နှင်းဖြူရယ် ။ ။

၆။
လွမ်းဆွတ်ဖွယ်ရာ နေ့ရက်တွေ
မျက်ရည်တွေ ပဲဝဲနေရုံ
အညိုရောင် ဖိနပ်ကလေးတစ်စုံရဲ့
မှတ်တမ်း
ဒီအိပ်မက်ကမ်းမှာပဲ
ခိုနားခွင့်ရချင်တယ်။

မျက်ရည်နဲ့ ရေးရတဲ့ ကဗျာ တစ်ပုဒ်လို
ဆွေးမြည့် စူးနစ်
ငါချစ်ရတဲ့ နှင်းဖြူရေ
လွမ်းဆွတ်ကြေကွဲနေရတဲ့ အကြောင်း
ဘာတွေနဲ့ စာလုံးပေါင်းပြီး
ပြောရမလဲ။

မနှင်းဖြူရယ်
ငါ့ရဲ့အရောင်ခြောက်သွေ့ နေတဲ့
အတွေးတွေက
နင့်ရဲ့ ခြေသည်းဖွေးဖွေး တွေကိုပဲ
ပြန်ပြန် မေးနေကြတယ်။

ဘယ်လိုကြိုးမျိုးတွေနဲ့များ
နင်ငါ့ကို
စိုးမိုးလို့ ထားသလဲ နှင်းဖြူရယ်။ ။
၇။
ရင်ထဲက
နှလုံးသားရဲ့ မီးတိုင်ဟာ
ခိုင်ခိုင်မာမာ
ဘာတွေကြောင့်မှ
တောက်ပမှုတွေ ပျောက်ကွယ်မှာ မဟုတ်ဘူး။

ငါ့ရဲ့ အစိမ်းရောင်နှင်းဆီခက် ကလေးရယ်
နင် မြင်ရုံ၊ ကြားရုံ လေးပဲ သိတယ်ဆိုရင်တောင်
ကျေနပ်ရမဲ့ကောင်ပါ။

လေညှင်းကလေးတွေကပြောတယ်
ဆောင်းတွင်းမနက်စောစော
နှင်းတွေကျတဲ့ အချိန်
နင့်အပြုံးကို မြင်ခွင့်မရရင်
ပန်းပွင့်လေးတွေ ချုံးပွဲချ ငိုရတယ် တဲ့။

ဆောင်းဦးလေပြည်တွေကတော့
ကခြေသည် အဆင်းနဲ့
ငါ့ကို အတင်းစိုစွတ်ကြ
အဆောင် ရှေ့ ဗာဒံပင်ကြီးက
မျက်ရည် တစမ်းစမ်း နဲ့
ငါ့ကို ကူလွမ်း
တကယ်တမ်းတော့ ငါလိုအပ်တာ
နင့် ပုံရိပ်ကလေးပါပဲ နှင်းဖြူရယ်
နင့်ပုံရိပ် ကလေးပါပဲ။

တာရာမင်းဝေ ရေးဖူးသလို
“ခြင်္သေ့ နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်ဘူး” တဲ့

ဒါဆို ငါကလည်း
လူမိုက်ကလေး တစ်ယောက်ပဲပေါ့။ ။

၈။
တယောသံ အီအီ
နှင်းဆီရနံ့ တို့ဖြန့်ခင်းလို့
လမင်းမလင်းတဲ့
ငါ့ကမ္ဘာမှာ
နင် . . . လာပြီး
ထည်ဝါ လှည့်ပါ။

ဒဏ္ဍာရီထဲက မင်းသမီး
အစိမ်းရောင် နှင်းဆီခက်ကလေး
အလင်းစက်တွေနဲ့ တည်ဆောက်လို့
ငါ့ဘဝကို တစ်ထောက်နားခွင့် ရခဲ့ရင် . .
ဆိုပြီး စိတ်ကူးတွေလည်း
ယဉ်ခဲ့ဖူးပါတယ်။

မြတ်နိုးမှုတစ်ခုထဲနဲ့မို့
စစ်ပွဲထဲမဝင်ရဲခဲ့တာ။
တကယ်တမ်း
ငါ့အလံတော်ဟာ
မလွင့်မီက လဲခဲ့ပြီးပါပြီ။

မမောတမ်းလျှောက်ရမဲ့
သံသရာခရီးရှည်ကြီးမှာ
မိုးရေကလေး တစ်စက်နှစ်စက်
ခတ်ငြိ သလိုမျိုး . . .

ဖြစ်နိုင်မယ်ဆိုရင် မနှင်းဖြူရယ်
မြောက်ပြန်လေတွေ
တိုက်တဲ့ အခါ
လေစီးကြောင်းထဲ
လွင့်ဝဲလှပနေမယ့်
နင့်ရဲ့
ဆံနွယ်လေးတွေကို
ငေး ကြည့် နေ စမ်း ပါ ရ စေ ။
ငေး ကြည့် နေ စမ်း ပါ ရ စေ ။ ။

2004(june)
နေမိုးဝေ။

1 comment:

ပီတိ said...

အရမ်း အရမ်းကို ကြိုက်တယ်ဗျို့