“အနောက်တောင်ဆီက . . ရွာမည်ဟန်ပြင်
မိုးသက်လေနှင့် မုန်တိုင်းလွင့်ကာဆင်
မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်မင်
ပြိုမှာလေလားမိုးရဲ့ စိုးအောင် ခုပင်
အမ္ဗုန်မောင် ဖန်အားလေ တဲ့ အသွင် ”
မိုးရိပ်မိုးသားတွေဆင်တတ်တဲ့ အချိန်ရောက်တိုင်း ကိုစောငြိမ်း ရဲ့ မိုးသက်လေနှင် သီချင်းကို တိုးတိုးတစ်မျိုး ကျယ်ကျယ် တစ်မျိုး ညည်းတတ်တဲ့ အကျင့်ကတော့ မပျောက်နိုင် သေးပါဘူး။
တကယ်ဆို ဒီအချိန် မိုးရာသီလို အချိန်ကာလ မျိုးမှာ မိုးဘွဲ့သီချင်းတပုဒ်တလေ ကို တပိုင်းတစပဲဖြစ်ဖြစ် ဆွဲဆွဲငင်ငင် ညည်းလိုက်ရတဲ့အခါ တစ်ခါတုန်းက ခံစားခဲ့ရသလိုပြန် မခံစားရတော့ဘူး။
ဘယ်လောက်များ လှပခဲ့တဲ့ မိုးရာသီနံနက်ခင်းများမို့ပါလိမ့်။
တစ်ချိန်တုန်းက မိုးရာသီမနက်ခင်းတွေဆို အိပ်ရာကနိုးနိုးခြင်းအချိန်မှာများ မိုးရွာပြီးစမြင်ကွင်းမျိုးနဲ့ ကြုံလိုက်ရပြီဆိုရင် အတိုင်းမသိ ဝမ်းသာသွားတတ်ခဲ့တာပါပဲ။ကျွန်တော်က အထပ်မြင့်တိုက်ခန်းတစ်ခုရဲ့ အပေါ်ဆုံးထပ်မှာ နေတဲ့သူမို့ မြေသင်းနံ့ကို မရနိုင်ပေမဲ့ မျက်နှာမသစ်ခင် ဝရံတာကို ထွက်ထွက်ချင်း လေနုအေးအေးလေးက မျက်နှာကို ဖျန်း ကနဲ လာရိုက်တာကို ခံလိုက်ရရင် အဲဒီတစ်နေ့လုံးအတွက် ပြီးပြည့်စုံသွားတယ်။
တကယ်လို့ မိုးက သည်းကြီးမည်းကြီး ရွာနေတာမျိုးနဲ့ကြုံခဲ့ရင်တော့ မျက်နှာကို ထိခတ်ရိုက်ပုတ်လာတဲ့ မိုးစက်မိုးပေါက်တွေ နဲ့ကြုံရတာလည်း တမျိုးတော့ ပျော်စရာကောင်းတယ်လို့တွေးခဲ့တာ တခါတခါ ကိုယ့်ကိုယ်ကို ရူးများနေလားလို့ ပြန်စဉ်းစားမိတယ်။
အဲဒီမိုးတွေကိုကျွန်တော်က နာနာကျင်ကျင် ဆက်ဆံခဲ့ရတဲ့ နေ့ရက်တွေကလည်းအမှန်တကယ် ရှိခဲ့ဖူးတာကိုး။ ဘယ်သူက ဘယ်သူ့ကို ဆိုပြီး ပုဂ္ဂလသဘော ဆောင်တဲ့ အရာတွေကို ထည့်မပြောပဲ သိပ်ထက်ထက်မြက်မြက် မရှိတဲ့ လူပြိန်းတွေ သုံးတတ် သလို မမျှော်လင့်တဲ့ ကံကြမ္မာ ဆိုးနဲ့ ကြုံတွေခဲ့ရတယ်ဆိုရင် အတုံးလိုက်အတစ်လိုက် မုသာဝါဒ ဖြစ်မှာစိုးလို့ ပြောမနေတော့ပါဘူး။
တစ်ချိန်ကဆို ဘယ်လောက်သည်းကြီးမည်းကြီး ရွာနေတဲ့မိုးဖြစ်ပါစေ ကျွန်တော်က တလမ်းဝင် တစ်လမ်းထွက်နဲ့ အမိုးအကာ မပါ ရည်ရွယ်ရာမဲ့ လျှောက်သွားနေတတ်ခဲ့တာမျိုးပါ။ အခုတော့ အသက်နည်းနည်း ကြီးသွားတာကြောင့်ပဲ လား၊ တခြားပရောဂ တစ်ခုခုကြောင့် ဖြစ်မလားသတိမထားဖြစ်ခဲ့ပေမဲ့ သေချာတာကတော့ မိုးရွာထဲဆို ထီးအပြင် မိုးကာရော ဦးထုပ်ပါဆောင်းပြီးမှ အပြင်ထွက်ဖြစ်တော့တယ်။
တစ်ခါက အတိဿယရာသီဆိုတဲ့ ကဗျာစာအုပ်ထဲမှာ ထည့်ရေးဖူးတဲ့ ကဗျာတစ်ပိုင်းတစကို လည်းသတိရမိတယ်
“ပြိုမှာလေလား၊ ငိုမှာလား၊ ရွာ
မယ်ဆိုလည်း၊ ရွာ
ချင်ရွာ၊ စိုစွတ်ခွင့်မှ မရတာ။”
မိုးတွေရွာနေသလောက် စိုစွတ်ခွင့်မရခဲ့တဲ့ နေ့ရက်တွေလောက် နာကျည်းစရာ ကောင်းတဲ့ ဖြစ်ရပ်မျိုးက တခြားဘယ်မှာမှ ရှိနိုင်မှာမဟုတ်ဘူး။
တမင်တကာ မေ့ပစ်လိုက်တာမျိုးမဟုတ်ပေမဲ့အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်က မိုးနဲ့ပတ်သတ်ခဲ့တဲ့ အတိတ်တွေဆိုရင် ပျော်စရာကော စိတ်ညစ်စရာတွေကိုပါ သတိမရတော့ဘူး။တခါက သိပ်သဘောကျခဲ့တဲ့ မိုးရာသီမနက်ခင်းတွေကလည်း ကျွန်တော့ရဲ့ သိမှုနယ်ပယ်ထဲမှာ လွယ်လွယ်ကူကူပဲ ပြယ်လွင့်ပျောက်ရှ သွားခဲ့ပါပြီ။
ဘာတွေဘယ်လိုပဲပြောင်းလဲပျက်ဆီးသွားပေမဲ့ ကျွန်တော့ဆီမှာ မပြောင်းလဲနိုင်တာ တစ်ခုကတော့ကျန်နေပါတယ်။
မိုးရိပ်မိုးသားတွေဆင်တတ်တဲ့ အချိန်ရောက်တိုင်း ကိုစောငြိမ်း ရဲ့ မိုးသက်လေနှင် သီချင်းကို တိုးတိုးတစ်မျိုး ကျယ်ကျယ် တစ်မျိုး ညည်းတတ်တဲ့ အကျင့်ကတော့ မပျောက် မပျောက်နိုင် သေးပါဘူး။
3 comments:
ခင်ဗျား မိုးရာသီနဲ့ ကျနော့်မိုးရာသီ က တော်တော်လေး ဆက်စပ် နေတယ်ဗျို... ။ ပျော်စရာဂျီး :D
တခုပဲ ၀င်အော်ချင်တယ် (((ပြိုမှာလေလား မိုးရဲ့)))
မို ..းဆိုတာနဲ့ကိုကြိုက်နေတာ
မိုးသီချင်းတွေလည်းကြိုက်တယ်။
မိုးရာသီနံနက်ခင်း အကြွင်းအကျန်တွေထဲ အမှတ်တရတွေက ရှိခဲ့စေပြီကိုး ...
Post a Comment