ပလေးဘွိုင်သန်းနိုင်၏သီချင်းကို ရော့စတားကြီးဇော်ဝင်းထွဋ် ပြန်လည်သီဆိုခဲ့သော ဆရာဝင်းမင်းထွေး၏
ဂျစ်ပစီမိုးတိမ် သီချင်းကို နားထောင်မိတိုင်း ကိုယ့်ကိုယ် ကို သီချင်းထဲကလိုများ လွင့်မျောလေခဲ့မိ
ခဲ့လေသလား ဟု အမြဲ ခံစားမိသည်။ တကယ်တမ်း တူတာတွေလည်းရှိသလို ၊ မတူတာတွေလည်းရှိသည်။
ဟိုးယခင် ဆယ်ကျော်သက် အရွယ်တုန်းကတော့ ဒီသီချင်းရဲ့
လွှမ်းမိုးမှုက ဘယ်လောက် ရှိခဲ့သလဲ ဆိုတာမျိုး မဆန်းစစ်မိခဲ့။
“ငယ်ငယ်က
ချာတိတ်အရွယ် ကျောင်းနေတုန်း
လူတကာလို
မဟုတ်ဘူး အရမ်းကို ဆိုး . .
လူလိမ္မာ
တော့ မဖြစ်ချင်ခဲ့
ကဲ
. . . အခုတော့ ဘယ့်နှယ်လဲ . .”
ကျွန်တော် က ငယ်ဘဝမှာ ဆိုးချင်တိုင်းဆိုး တေချင်တိုင်း
တေခွင့် မရခဲ့တာတော့ သေချာသည်။ ကိုယ့်အထွာနှင့် ကိုယ် တိုင်းပြောရလျှင်တော့ မိဘဘိုးဘွားများက
အချစ်လွန်ကြခဲ့ကြသည်။ တကယ်တော့ ပိတ်လှောင်မွန်းကြပ်စွာ အချစ်ခံခဲ့ရခြင်းပင်။
နည်းနည်းပါးပါး စာလေးပေလေး ဖတ်တတ်တဲ့ အရွယ်မျိုး ရောက်လာချိန်
ပြန်စဉ်းစားမိတော့ ကျွန်တော့ ငယ်ဘဝက လူလိမ္မာလေး ဖြစ်မှန်း မသိဖြစ်ခဲ့ရသည်။ ရှင်းရှင်း
ပြောရလျှင် လူကြောက်လေးဟုပင် ဆိုနိုင်သည်။ ထိုကြောင့် ကိုယ့်ကိုယ်ကိုယ် မဆိုးခဲ့ ရကောင်းလားဟုပင်
ခပ်ရွတ်ရွတ် တွေးမိ၏။
“စာသင်ဖို့
ဆိုတာ စိတ်တွေပျက်
ဘီတယ်လ်သီချင်း
ကျက်နေခဲ့
ကမ္ဘာကျော်
ကဗျာတွေ ဖတ်ပြီး အချစ်ကိုတွေ့
အသည်းကွဲ
တတ်ပြီလေ. . .”
ငယ်ငယ်ကတော့ စာသင်ဖို့ကို အမှန်တကယ်ကြီးကို စိတ်ပျက်ခဲ့ဖူးသည်။တကယ်တော့
အပျင်းကြီးခြင်း သက်သက်။ အဲဒီအရွယ်တုန်းကတော့ ဘီတယ်တွေ ဘာတွေ လက်လှမ်း မမှီခဲ့သည့်တိုင်
သူ့ခေတ်သူ့အခါ လို့ ဆိုရမည့် ဇော်ဝင်းထွဋ် သီချင်းများကို တော့ အသေအလဲ ကျက်ခဲ့ဖူးသည်။
မှတ်မိသလောက်တော့ လောကဟင်းလင်းပြင် တို့ ၊ “ဘောင်းဘီအိတ်ထဲ
လက်နှုက်ပြီး ပလက်ဖောင်းဘေးက လျှောက်သွား” ဆိုသည့် ရောဂါ တို့လို
သီချင်းမျိုးတွေ. . .။ လူကြီးတွေ ပြောသလို လူကဖြင့် လက်တောက်လောက်လေးရှိသေးတယ် ဆိုသည့်
အရွယ်မျိုးဖြစ်သဖြင့် ၊ ကဗျာတွေ စာတွေဖတ်ပြီး အချစ်ကို မတွေ့ ခဲ့ရသည့်တိုင် ဟိုလိုလို
ဒီလိုလို စိတ်မျိုးကတော့ဖြင့် ရှိသလိုလို မ ရှိသလိုလို . . .သိပ်မသေချာခဲ့။
တကယ်တမ်း ကဗျာတွေ ဖတ်ပြီး အချစ်ကို တွေ့ ပြီလို့ ထင်ခဲ့မိတာက
တက္ကသိုလ်တက်မှ ဖြစ်သည်။
“ငါဟာ
မတည်ငြိမ် မိုးတိမ်ပဲ
ကနေတဲ့
ဇတ်လမ်း မှားနေပြီ
ဘလိုနေထိုင်ရမလဲ
. . . ဘဝဆိုတာ
ပြဇာတ်
. . တစ်ပုဒ်ပါပဲ။”
ဟိုး ငယ်ငယ် တုန်းကတော့ အဆိုတော်ကြီး ဖြစ်ချင်ခဲ့ဖူးသည်။
အခုပြန်စဉ်းစားကြည့်တော့ ရယ်စရာလိုလို. . .။ တကယ်တော့ ကျွန်တော်က “ကီးမသိ၊ စည်းမသိ”
“သံသေး . .သံကြောင်” ။ နောက်နည်းနည်းကြီးတော့ ရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်ပြန်သည်။ ဘာကြောင့်
ဖြစ်ချင်ခဲ့မှန်းတော့ ကိုယ့်ကိုယ်ကို မသိ။ အဲဒီအချိန်တွေတုန်းက ကျွန်တော့ ကို ကြိုတင်
သတ်မှတ်ပေးထားသော ဘဝက သပ်သပ် ရှိသည်. .။
. . . သင်္ဘောသား တဲ့။
ကျောင်းပြီးလျှင် မဖြစ်မနေ သင်္ဘော လိုက်ရမည် ဟု သိထားခဲ့ရသည်။
“ပီကာဆို
ဘဝ ငါလေ ရခဲ့ချင်ရဲ့
ဝါရင်ဘီဒင်
လိုလည်း ဖြစ်ချင်တယ်
ဘီလျံ
ဒေါ်လာတွေ ထက် အဖိုးတန်တဲ့
စိတ်ကူးများ
ရှိနေတယ်။
ဒါတွေ
ဘယ်တော့ ဖြစ်မလဲ . . . အချစ်ရေ . .
နေရာအခွင့်အရေး
. . ပေးလိုက်စမ်းပါ
ဘယ်လို
ဖြစ်မလဲ . . ကြည့်နေ
အချိန်နဲ့
တိုင်းတာမယ်”
တကယ်တမ်းကျတော့ ကျွန်တော် သင်္ဘောသားမဖြစ်ခဲ့။ ပထမဆုံး
လုပ်ဖြစ်ခဲ့သည်က ကုမ္ပဏီတစ်ခုမှ စက်ပစ္စည်း အရောင်း တာဝန်ခံ ဝန်ထမ်း။ ထို ကုမ္ပဏီမှ သူငယ်ချင်းတစ်ဦးနှင့်
ပေါင်းမိပြီး အင်ဂျင်နီယာ လမ်းကြောင်းနောက်ကို လိုက်လျှောက်ဖြစ်သည်။
သူလိုငါလို ခြင်္သေ့ကျွန်း မျှော်လင့်ချက် အတွက်ပဲ ဖြစ်သည်။
ဟိုခုန် ဒီကူး အလူလူး အလဲလဲ ဘဝတွေရဲ့ အစအကွေ့လဲ ဖြစ်နိုင်သည်။ အလုပ်ထွက်ပစ်သည်။ ကျောင်းသား
ပြန်ဖြစ်သည်။
ထို အချိန်များမှာ အနုပညာ အိပ်မက် ကိုတော့ အကြီးကြီး
မက်မိတတ်နေပြီ၊ သိပ်တော့မရေရာသေး ပီကာဆိုလို ကမ္ဘာကျော်တော့ မဖြစ်ချင်ရဲ သေးသော်လည်း
ကျွန်တော် အလေးစားဆုံး အားအကျရဆုံး အနုပညာသမားက တာရာမင်းဝေ . . ။
တကယ့်ကို ဒေါ်လာ ဘီလျံများထက် ပိုတန်မတန်တော့ မသိ၊ ကိုယ့်အတွေးနဲ့
ကိုယ်တန်ဖိုးရှိလွန်းတဲ့ စိတ်ကူးဖဲချပ်တွေ ကို တသီတတန်း ကြီးကို စီလို့ရီလို့။
“ငါဟာ
မတည်ငြိမ် မိုးတိမ်ပဲ . .
ငါဟာဂျပ်ပစီဟေ့
ခရီးနှင်နေ . .
ကြိုတင်ကာ
ဇာတ်ညွှန်း ဖတ်မလာသူ
ဘဝဟာ
. . မင်းသား တစ်ယောက်ပါပဲ ”
တကယ်ကိုပဲ လွင့်ခဲ့မျောခဲ့ရတာ . . .ဟုပဲ ပြောရမည်။
မြန်မာပြည်မြောက်ဖျား ပူတာအို အထိရောက် ခဲ့ ရသည်။ ခြင်္သေံကျွန်းလည်းပါသည်။ တောင်စွယ်တောင်တန်းတွေကြားထဲ
လည်းရောက်သည် ။ တိုင်းရထွာရ တွက်ရချက်ရ နှင့် ခရီးများ . .။ ဂျစ်ပစီ ဆန်ခဲ့သလား မဆန်ခဲ့ဖူးလား
ပြန်တွေးကြည့်တော့ ဝိုးတဝါး။ တစ်ခါတစ်ခါကျတော့ ဘုမသိ ဘမသိနှင့် ဝင်သရုပ်ဆောင်ရသော ဇာတ်မျောကြီး
တစ်ခုလို ခံစားရသည်။ ကိုယ်မှရယ်မဟုတ်၊ လောကကြီးမှာ ကိုယ့်ဇာတ်ညွှန်းကိုယ် မဖတ်ပဲနှင့်
ဇတ်ခုံပေါ်တက်လာခဲ့ရသည့်မင်းသားတွေ ဒုနှင့်ဒေး ပဲ ဖြစ်လိမ့်မည်။
“ငါ့ကို
ဘာထင်ထင် ဘာဖြစ်လဲ
အို
ကွယ် အချစ်လေး ရှိနေတယ်”
ကိုယ့်ဘဝကိုယ်
ထင်သလိုနေခဲ့မိတယ် ဟုထင်ခဲ့ဖူးပေမဲ့ ကိုယ်ဘောင်နဲ့ ကိုယ် ပိတ်မိနေခဲ့ တာကို သတိမထားဖြစ်လိုက်။တကယ်တမ်း
အချစ်နှင့် နှဖူးတွေ့ဒူးတွေ့ ဖြစ်တော့ နဂိုက မာချင်ယောင်ဆောင်နေတဲ့ ခေါင်းက ပျော့ကျခဲ့ရသည်
“ဘယ်လိုထင်ထင်
ဖြစ်တယ်လေ
ထာဝစဉ်မှန်ကန်တဲ့
တရား မရှိနိုင်ပါ
တစ်ချပ်မှောက်တဲ့
ကစားဝိုင်းများ
အဖြေဟာ
ဝိုင်းသိမ်းတော့မှ သိမယ်လေ . .”
ကိုယ့်မှရှိသည့် ဖဲအပွင့်ကလေးများနှင့် တဝိုင်းလုံးကို
သိမ်းပစ်ဖို့ စိတ်ကူးယဉ်မိသည်အထိ ကျွန်တော် က မိုက်လုံးကြီးခဲ့ဖူးသည်။ ကစားဖက်များ၏
မှောက်ထားသည့် တစ်ချပ်ထဲသော ဖဲများကို ကိုယ့်စိတ်ကူးနှင့် ကိုယ်ပဲ မိုက်လုံးကြီးစွာ
သတ်မှတ်ခဲ့ သည်က ကျွန်တော့ အမှားသက်သက် ပဲ ဖြစ်လိမ့်မည်။ တချိန်ချိန် စားခွင့်သိမ်းခွင့်
ရမှာ သေချာခဲ့ပေမဲ့ ကိုယ့် အရှိန် ကိုယ် သိဖို့ လိုသေးသည်။ ဘယ်သူမှ ဂရု မစိုက်သည်ထားဦး
ကိုယ့်အိတ်ကပ် ကိုတော့ ဂရုစိုက်ဖို့ လိုလိမ့်မည်။ ကျွန်တော်က ဂရု မစိုက်ခဲ့မိ။
“ငါ
ထာဝစဉ် မတည်ငြိမ် မိုးတိမ်လို
ဂျပ်ပစီတွေလို
မရပ်မနား ခရီးနှင်နေ
ဂငယ်ကွေ့တွေ
အပြည့်နဲ့ လမ်းပေါ်မှာ
လျှောက်ခဲ့မိနေ
. .
မအောင် မြင်သော ဘဝ၏ နောက်ကွယ်မှ မျက်ရည်များသည် ရေထဲမျောသွားသည့်
ငွေများ သာ ဖြစ်ခဲ့သည်။ ကိုယ့်မျှော်လင့်ချက်များ ကို ကိုယ့်လက်နှင့် ကိုယ်ရိုက်ချိုးပစ်ရသည့်ဘယလောက်လောက်
ခက်ခဲ ကြမ်းတမ်း တာတော့ မရှိနိုင် . .။ ထိုအရာများအတွက် တွန်းအားများမှာ ချစ်ခြင်းမေတ္တာ
တရားနှင့် လွပ်လပ်သော အနုပညာကို ချစ်စိတ် ပဲ ဖြစ်မည်။
နောက်ပိုင်းတွင် ကျွန်တော်က မီဒီယာလုပ်ငန်းကြီးတစ်ခု၏
စက်မှုပိုင်းဆိုင်ရာ ထိန်းသိမ်းရေးသမားဖြစ်လာပြန်သည်။ တစ်သက်လုံးလေ့လာခဲ့ရသော ပညာများနှင့်
တခြားစီ။ အသက်အရွယ် အချိန်အခါအရ နောက်တစ်နေရာ ထပ်သွားဖို့ မကောင်းတော့သည်ကို သိသဖြင့်
အရာရာ အစက ပြန်စခဲ့ရသည်။ ပျော်သလိုလို . . မပျော်သလို . .။
“ဘဝက
အပြောင်းကြီး ပြောင်းလဲခဲ့ . .
မရည်ရွယ်တာ
အကုန် လုံးဖြစ်လာတယ်
ကြိုတင်ကာ
ဇာတ်ညွှန်း ဖတ်မလာသူ
ဘဝက
မင်းသား တစ်ယောက်လိုပဲ . .”
ဘဝက နောက်တစ်ဆစ်ထပ်ချိုးရပြန်သည်။ လောလောဆယ်
ကျွန်တော် တသက်လုံး မက်မောမိခဲ့သည့် အနုပညာ ဆိုင်ရာ လုပ်ငန်းများ ခွင့် ရနေပြီသို့သော်လည်း
လွပ်လွပ်လပ်လပ် မရှိ။ ကျေနပ်သလား ဆိုပြန်တော့ ကျွန်တော့်တွင် ဖြေစရာ အဖြေမရှိ။ မကျေနပ်ဘူးတော့လည်း
မဟုတ်။ ဘာပဲဖြစ်ဖြစ် အပြောင်းအလဲက မြန်လွန်းသည်။
ဘာတွေဆက်ဖြစ်မည်ကို မသိသေး သူများတွေအတွက် ဇာတ်ညွှန်း
ရေးပေးနေရသည့်သူက ကိုယ့်အတွက် ဇာတ်ညွှန်းကို ဘယ်သူရေးထားမှန်း မသိ။ ဘယ်နေမှာ ဖတ်ကြည့်
ရမှန်း မသိ။
“အရာရာ
ဟာ အချစ်ရေ . .
မတည်ငြိမ်ဘူး
ငါနေထိုင်လာတဲ့
အနှစ်က ၃၀
မယုံနိုင်ဘူး
ရုပ်ရှင် ကြည့်ရသလို . .
ဘဝက
. . ဆန်း . . ကြယ်။
အသက်သုံဆယ် မပြည့်သေးပေမဲ့ သိပ်မကြာခင် ရောက်လာတော့မည်။
အခုထိ ဘဝက ရေးတေးတေး
ဘဝ ဆိုတာ လွယ်လွယ် ကူကူ ပေါ့ပေါ့ ပါးပါးတွေး ရဲမှ သတ္တိ
ရှိမှာပဲဖြစ်သည်။ ရှေ့ လျှောက် ဘာဆက်ဖြစ်မယ်မသိသေး။ စဉ်းလည်းမစဉ်းစားချင်။ ထို့ထက်
ပိုပြောရလျှင် မလိုအပ်ဟုပင်ထင်သည်။
ကိုယ့်ဘဝကိုယ် ရုပ်ရှင် တစ်ခုလို ပြန်ကြည့်ခွင့် ရရင်တော့.
. ယုတ္ထိ မတန်တာတွေ တွေ့မှ လက်ညိုးထိုးကာ ဟားတိုက်ပြီးတော့ ရယ်လိုက်ဦးမည်။
ဘဝဆိုတာ ထိုသို့ပေါ့ပါးရန်လည်း လိုအပ်သည်ဟု ထင်မိသည်။
ချစ်ခြင်းမေတ္တာကို အကြောင်းပြု၍
နေမိုးဝေ။
12.8.2012
No comments:
Post a Comment