Nov 30, 2014

နိဗ္ဗာန်ဘုံဆီသို့ တမ်းတခြင်း



အသက်ဆိုသည့် အရာမှာ သည်အတိုင်း ငြိမ်ငြိမ်ကုပ်ကုပ်​​လေး ရပ်၍မနေ။ အလကားနေရင်ရှေ့ကိုသာ ဆက်ပြီးသွားနေသည်။ ထို့ကြောင့်သာ ဆရာစိုင်းခမ်းလိတ်က ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံဆိုပြီး ရေးဖွဲ့ခဲ့ ခြင်းဖြစ်မည်။ ကျနော် လည်း ကိုယ့်ငယ်ဘဝကိုယ်​​တော့ဖြင့် အချိန်တိုင်း မဟုတ်လျှင်​​တောင် မကြာမကြာတော့ လွမ်းဆွတ်မိသည်ပဲ။ လွမ်းဆွတ်မိသသည့် အကြိမ်တိုင်းလည်း  “အပူအပင် ကင်းတဲ့ ကလေးလေး ဘဝသာ တစ်ခါပြန်ပြီးရချင်သေးတယ်” ဟုဆိုကာ ဦးထီးဆိုင်၏ သီချင်းတစ်ပိုင်းတစ်စကို ညည်းလိုက်မိသည်သာ ပဲဖြစ်သည်။

ဟိုး. . လွန်ခဲ့သော အသက်ခပ်ငယ်ငယ် အရွယ်ကာလများတွင်တော့ ထိုသီချင်း မှာ တစ်ခါတစ်ရံ ပါးစပ်ဖျားသို့ တက်လာခဲ့ဖူးသည်။ လေးလေးနက်နက် ခံစားမိလို့ရယ်တော့ မဟုတ်။ စက်ဘီးနှင့် ထီ လှည့်ရောင်းသူထံမှဖြစ်ဖြစ်၊ သွားရင်းလာရင်း လဘက်ရည်ဆိုင်မှ လွင့်ပျံ့လာသော အသံဆီက ဖြစ်ဖြစ်၊ ကြားမိရင်း မသိလိုက် မသိဘာသာ လိုက်ရွတ်မိခြင်းလည်းဖြစ်နိုင်သည်။ ထိုအရွယ်များ ဆီတုန်းက စိုင်းထီးဆိုင်၏ သီချင်းများ ကို စွဲစွဲမက်မက် နားထောင်ဖြစ်ခဲ့သည့်တိုင် ဤ “ပျောက်ဆုံးနေသော နိဗ္ဗာဘုံ” သီချင်းကို အခြားသီချင်းများလောက် မစွဲမက်။ “လေညာရပ်က အချစ်” ကို လိုက်ကျက်ချင်ကျက်မည်။ “ဆုတောင်းခဲ့ဖူးတယ် မိငယ်” ကို အခေါက်အခါခါ နားထောင်ချင် နားထောင်မည်။ ထိုသီချင်းကား အဓိပ္ပါယ်ကောင်းပြီး တန်ဖိုးရှိသည့် သီချင်း ဆိုတာထက်ပိုပြီး ဘာခံစားချက်မျှ မရှိခဲ့ဖူးပါ။ သည်နေ့များတွင်တော့ သီချင်းသံများမှာ  လဘက်ရည်ဆိုင်မှ လွင့်ပျံ့လာနိုင်ခြင်း မရှိတော့ချေ။ သီချင်းဖွင့်တတ်သည့် လဘက်ရည်ဆိုင်များသည်လည်း ကျနော့ ပတ်ဝန်းကျင်တွင်လည်း မရှိတော့။ ထီလှည့်ရောင်းသည့် စက်ဘီးများ မရှိတော့သလောက် ရှားသွားသော်လည်း တွန်းလှည်းနှင့်ရောင်းသော ထီသည်များ ထံမှတော့ သီချင်းသံ သဲ့သဲ့ ကြားရသဖြင့် တော်သေးသည်။ သူတို့က ကျနော် နှစ်သက်သော စိုင်းထီးဆိုင်၊ ခင်မောင်တိုး သီချင်းများကို ဖွင့်ပေးတတ်သည်။ သီချင်းများက အိမ်တွင်လည်း နားထောင်၍ ရနိုင်သော်လည်း ထိုကဲ့သို့ လိုက်၍ နားထောင်ရသည့် အရသာနှင့်တော့ ဘယ်လိုမှ မတူ။


သည်လိုနှင့် တစ်နေ့ပြီး တစ်နေ့ အသက်တွေ ကြီးလာခဲ့သည်။ အရပ်ထဲပြောကြသလို ထိပ်စီးတွေ ကပြောင်းလာသည်။ လွယ်လွယ်ကူကူ ထိပ်စီးပြောင်း သည်ဟု ဆိုလိုက်ကြပေမဲ့ ထိုစကားလုံး၏ နောက်ကွယ်တွင် ဆယ်စုနှစ် တစ်နှစ်စာရှိ၏။

ခရီးသည် ရှည်လျားလွန်းသည်။ ဘဝအမောမှာ ပန်းလွန်း၏။ အကွေ့များ အဝိုက်များ သည်တစ်ခါတစ်ရံ ထင်မှတ်၍ပင် မထားသောအရာများ။ ဆရာတာရာမင်းဝေ ပြောသလို လောကဓံကား ဓါးရှစ်လက်ထက်တော့ မပို။ သို့သော် ထိုဓါးချက်များသည် ခန္ဓာကိုယ် အနှံ့အပြားတွင် အပြည့်။ နောက်ထပ် ဓါးချက်ကိုပင် ထပ်ထိနိုင်ရန် နေရာလပ် မရှိတော့ဟူသော အတွေး မဆုံးခင်မှာပင် မရေမတွက်နိုင်သော ဓါးချက်များက တရပ်စပ်ဝင်လာတတ်သည်။

ထိုသို့သော အချိန်များတွင် နားထဲသို့ အဆိုတော်ကြီး စိုင်းထီးဆိုင်၏

“ငယ်စဉ်က ကလေးတို့ဘဝဟာ 
ပျော်ပါးဖို့ရာ လွယ်ပါတယ်
ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ
စားချိန်မှာ ဝင်စားမယ်        
အိပ်ချိန် မှာ ဝင်အိပ်မယ်  . .  .”



ဟူသော အသံက နားထဲသို့ လှပပြေပြစ်စွာ ဝင်လာ သောအခါ လွန်ခဲ့သော ဆယ့်လေးငါးနှစ်လောက် ဆီက အတွေးများ၊ ခံစားမှုများ နှင့် ဘာမှ မဆိုင်တော့။ သီချင်း၏ တန်ဖိုးကို သိလာရသလို ရင်ထဲမှာလည်း လှိုက်၍ တက်လာသည်။ ငယ်ဘဝအကြောင်း ပြန်စဉ်းစားကြည့်တော့လည်း ဝိုးတဝါး။  တွေးကြည့်လျှင် အနှစ် နှစ်ဆယ်၊ အစိတ် လောက်ဆီ အထိရောက်သွားတတ်သည်။ စီစဉ်တကျ မှတ်မိနေသည်တော့မဟုတ်. . ။ ရောက်တတ်ရာရာ အမှတ်ရမိခြင်းသာ။

ကျောင်းမတက်ချင်လျှင် အမေကို ချွဲကာ အိမ်တွင်ကွေး၍ အိပ်ချင် အိပ်နေမည်။ ကျောင်းတက်ရသည့်နေ့မျိုးတွင်လည်း ကျောင်းမတက်ခင် လိုချင်တာ ကိုလက်ညိုးထိုး၍ ပူဆာသည့်အခါပူစာ လိုက်သည်ကိုလည်း သတိရသည်။ လိုချင်တာ ရသည့် အခါရှိသလို မရသည့်အခါလည်းရှိသည်။ ကျောင်းခန်းထဲ သို့ရောက်သည့် အခါတွင်လည်း စာထဲ စိတ်ဝင်စားလိုက်။ စိတ်က အိမ်ကိုပြန်ရောက်သွားလိုက်နှင့်။ မုန့်စားကျောင်းဆင်းလျှင် အမေထည့်ပေးလိုက်သော ထမင်းဘူကိုဖွင့်စားမည်။ တစ်ခါတစ်ရံ အစားမစားပဲ ကျောင်းမတက်ခင် ကဝယ်ပေးလိုက်သော အရုပ်ကလေးများ နှင့်ဆော့ချင်ဆော့နေမည်။

မှတ်မှတ်ရရ ထိုကဲ့သို့သော အရုပ်မျိုးထဲမှ မြင်းရုပ်ကလေး တစ်ခုကို သတိရမိသေးသည်။ ထိုမြင်းရုပ်ကလေးမှာ ပလပ်စတပ်ကိုယ်ထည်ကို နှစ်ပိုင်းပိုင်းကာ အလယ်တွင် လေဖြည့်၍ရသော ကော်နှင့်ပြုလုပ်ထားသော ဖားဖိုအသေးလေး တစ်ခုထည့်ထားကာ လေပိုက်ပျော့ ခပ်ရှည်ရှည်ကို လေဘောလုံးတစ်ခု ကို တွဲထား၏။ ထိုလေဘောလုံး ကို ညှစ်လိုက်သော အခါ မြင်းရုပ်ကလေး ပြေးတော့သည်။ ထိုမြင်းရုပ်ပေါ်တွင် ဂျော်ကီတစ်ကောင် ပါသလား မပါဘူးလားကို ယခုစဉ်းစား၍ မရတော့။ ကျနော်မှတ်မိနေသည်က ထိုအရုပ်ကလေးမှာ ရသည့်နေ့တွင်ပင် သူငယ်ချင်းများနှင့်အတူတူဆော့ရင်း ပျက်စီးသွားခဲ့ခြင်းပဲဖြစ်သည်။ ဘာရယ်မဟုတ် သီချင်းနားထောင်မိသည့် အခါ အလိုလိုသတိရမိသော အရာများထဲမှ အဖြစ်အပျက်တစ်ခုသာဖြစ်သည်။

ညနေကျောင်းဆင်းသည့် အခါတွင်လည်း ကျောင်းကြိုလာသော အမေ ကိုဘေးထားက ကျောင်းရှေ့ ကစားစရာများ ရောင်းချရာသို့ သွား၍ ကိုယ့်မှာမရှိသေးသည့် ကစားစရာ အသစ်အဆန်းများကို ငေးမောကြည့်သည့်အခါကြည့်မည်။ တစ်ခါတစ်ရံ အမေက ဝယ်ပေးသည်။ ကစားစရာ ရလာသည့် အခါမျိုးတွင်ပျော်ရွှင်၍ မရသည့် နေ့မျိုးတွင်လည်း ဆိုင်ပေါက်စေ့ အားရအောင် လှည့်ကြည့်ပြီးမှ အိမ်ပြန်လမ်းတစ်တစ်လျှေက်အမေ့လက်ကိုဆွဲကာ ပျော်ရွှင်ခုန်ပေါက် ခဲ့ရသည်ပဲ။

အိမ်ပြန်ရောက် ရေချိုး အဝတ်အစားလဲပြီးလျှင် ထမင်းစားမည်။ အဘွားကို နှိပ်ပေး၍ မုန့်ဖိုးတောင်းလျှင်လဲတောင်းမည်။ အောက်ဆင်း၍ စာအုပ်အငှားဆိုင်သို့ သွားသည့်အခါလည်း သွားမည်။ ထိုစဉ်က ရန်ကုန်မြို့လယ်ခေါင် တွင်နေရသည်မို့ ညဘက် အပြင်သို့ လမ်းလျှောက်ထွက်သည့်လူကြီးတစ်ယောက်ယောက် နှင့် လိုက်သွားရသည်လည်းရှိမည်။ ထိုအခါမျိုးတွင် အနော်ရထာလမ်းတစ်လျှောက် လျှောက်ပေရော့။

အချို့သောညမျိုးတွင် လမ်းထဲဆင်း၍ ကစားခွင့်ရသည်။ နေ့တိုင်းတော့မဟုတ်။ တစ်ခါတစ်ရံသာ။ ဘောလုံးကန်သည့်အခါကန်။ ကြက်တောင်ရိုက်သည့်အခါရိုက်။ ထိုနေ့မျိုး ကတော့ ပျော်လိုက်သည့်ဖြစ်ခြင်း။ ညဦးပိုင်းတွင်ရောက်လာလေ့ရှိသော ကိုလ်ဖီမလိုင်သည်လာလျှင် ဆော့နေတာချက်ချင်းရပ်၍ ထိုကိုလ်ဖီ မလိုင်ရောင်းသော ကုလားဦးလေးကြီးကို အိမ်အောက်လှေခါးရင်းတွင် ရပ်စေ၍ အိမ်ပေါ်သို့ပြေးတက်မည်။ ပိုက်ဆံတောင်း ပန်းကန်တစ်ချပ်ဆွဲကာ ထို ကုလားဦးလေးကြီး ထံ ကိုလ်ဖီမလိုင်ဝယ်မည်။ ကတော့ပုံစံ အဖျားပိုင်းသို့ ရှူးသွားသော သံပုံစံခွက်ရှည်ရှည်များ ထဲမှ ကိုလ်ဖီမလိုင် (နို့အေးချောင်းပဲ ဆိုပါတော့) များထွက်ကျလာသည်ကို ကြည့်ရသည်ကပင် အသည်းတယားယား။ ရွှေပုစွန် ကဲ့သို့သော ဆိုင်ကြီးများတွင် ထို ကိုလ်ဖီ ကိုစားရသည့်တိုင် တောင်းကြီးထဲထည့်၍ အရပ်တကာလိုက်ရောင်းသော ကုလားဦးလေးကြီး ၏ လက်ဖျံပေါ်တင်ရိုက်ပြီးမှ ထွက်ကျလာသည့် ကိုလ်ဖီ အရသာကို မမှီဟုသာထင်သည်။ ထို့အပြင် အခြားအခြားသော မုန့်သည်များလည်း ရှိတတ်သေး။ မုန့်ဖက်ထုတ်၊ အီကြာကွေး၊ အချို့ကို မမှတ်မိတော့။

“အပူအပင် ကင်းတဲ့ ကလေးလေး ဘဝသာ တစ်ခါပြန်ပြီးရချင်သေးတယ်”

ထီသည်ထံမှ ထွက်လာသည့် သီချင်းသံမဟုတ်။ ဖုန်းလာနေခြင်းသာ။ ကျွန်တော်က ဖုန်းမြည်သံအား ထိုအပိုဒ်နေရာလေးကို ကွက်၍ ပြုလုပ်ထားမိသည်ပဲ။ ထို ဖုန်းမြည်သံ တေးသွား ကို ပြောင်းလဲထားပြီးမှ ပထမဆုံး အကြိမ်လာခြင်းဖြစ်၍ ရုတ်တရက်သတိမမူမိခြင်းလဲဖြစ်သည်။
နံပါတ်ကို ကြည့်တော့ ရုံးမှ လုပ်ဖော်ကိုင်ဘက်၏ ဖုန်းနံပါတ်။ တနင်္ဂနွေပိတ်ရက်ဖြစ်သည့်တိုင် လုပ်ငန်းသဘာဝအရ အလုပ်ခွင်ထဲ ရောက်နေသူ။ ဖုန်းစကားပြောတော့ သူ့အခက်အခဲအကြောင်း တင်ပြခြင်းဖြစ်သည်။ ဆုံးဖြတ်ရမည့်တာဝန် ရှိနေသဖြင့် အခြေအနေကို သုံးသပ်ပြီး ရှင်းပြပြောဆိုရသည်။ ခေါင်းခြောက်စရာ ကိစ္စဖြစ်၍  ခေါင်းခြောက်ရသည်။ အပူအပင် ကင်းသသည့် ကလေးဘဝ . . မဖြစ်နိုင်မှန်းသိသော်လည်း တမ်းတမိရသည်သာ။
ရင်ထဲမှ ခံစားချက် အတိုင်း လူက လိုက်လုပ်၍ မရသည့် အချိန်များတွင် ပိုသိသာသည်။


“အပြစ်မသိသေးတဲ့ ကလေးလေး ဘဝကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်”


တွေးနေတုန်း ဖုန်းက ပြန်ဝင်လာသည်။ သည်တစ်ခါတော့ အလုပ်ဖုန်းမဟုတ်၍ တော်သေးသည်။ ပြောဆိုပြီးတော့ အလုပ်နှင့် ပတ်သတ်သော ဖုန်းများဝင်လာမည်ကို စိုးရိမ်စိတ်ဖြင့် ဖုန်းကို ပိတ်ထားပစ်လိုက်ဖို့ ဆုံးဖြတ် လိုက်သည်။ ဖုန်းမျက်နှာပြင်တွင် မိမိဖုန်းကို တကယ်ပိတ်ပါမည်လားဟူသော မေးခွန်းပေါ်လာသည့်အခါ ဟုတ်ကဲ့ ဟု ဆက်မသွားနိုင်တော့ပဲ မပြူလုပ်ပါဟု နှိပ်၍ ဖုန်းကိုသာ သည်အတိုင်း စားပွဲပေါ်ပြန်တင်ထားလိုက်မိသည်။
အပြစ်မသိသေးတဲ့ ကလေးလေး ဘဝဆိုတာ ပြန်စဉ်းစားကြည့်တော့ သိပ်ကိုများ မြန်ဆန်လွန်းခဲ့လေသလား။



“ဟိုစဉ်က လွပ်လပ်မှုဟာ
အခုများပျောက်လို့ နေပါပြီ
သံယောဇဉ်နဲ့ တုပ်နှောင်မြဲခဲ့
သွားချင်ရာကို မသွားနိုင်
လုပ်ချင်ရာကို မလုပ်နိုင်”


အခြေခံပညာကျောင်းသားဘဝ ကနေလွန်မြောက်လာတော့ လူငယ်သဘာဝ ကိုယ့်ကိုယ်လူကြီးဖြစ်ပြီ ဟု စိတ်ထဲထင်မှတ်ခဲ့ဖူးသည်။ အခုပြန်တွေးကြည့်တော့လည်း ရယ်ချင်စရာ။ ဆယ့်လေးငါးနှစ်သား အရွယ်ဝတ်အင်္ကျီ နှင့် ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်မှတ်ခဲ့ခြင်းက သဘာဝပေပဲလား။ အားလုံးမဟုတ်လျှင်တောင် အများစုကတော့ သည်လိုပဲ ဖြစ်မည်ထင်ပါသည်။ ထိုအရွယ်ကာလ ရောက်တော့ ဟိုစာလေးဖတ်၊ သည်စာလေးဖတ် လုပ်တတ်လာပြီ။ ဆေးလိပ်လေး လက်ကြားညှပ်ကာ စကားကြီးစကားကျယ်များလည်း ပြောတတ်လာခဲ့ပြီ။ နှလုံးသား က အရင်လောက် မဖြူစင်နိုင်တော့သည့်တိုင် ရောင်စုံဆေးစက်များက များစွာစွန်းပေခြင်းတော့ မရှိသေး။ နှလုံးသားက အနှောင်အဖွဲ့ကို နားမလည်သေးတော့ လွပ်လပ်မှုကို တန်ဖိုးမထားတတ်ခဲ့။

ထိုအချိန်ကာလများတွင် ဘုံးဘောလအောသုံးနိုင်ခဲ့သည်မှာ အချိန်ပဲ ဖြစ်သည်။ လူက ငှက်လို အတောင်ပံ ဖြန့် မပျံသန်းနိုင်သည့်တိုင် သွားချင်ရာသွားမည်။ ရောက်ချင်ရာရောက်မည်။ ဒဂုံတက္ကသိုလ် ရှိရာ မြောက်ဒဂုံ မှ အရှေ့ပိုင်းတက္ကသိုလ် တာဝ အထိရောက်သွားသည်လည်း ရှိမည်။ သူငယ်ချင်းများနှင့် လဘက်ရည်ဆိုင်ထိုင်ရင်း သုဝဏ္ဏကွင်းရှိဘောလုံးပွဲ သို့ရောက်သွားသည်လည်းရှိမည်။ ထိုစဉ်က ယခုလို ဆုကြေးစားဘောလုံးအသင်းများ ကစားသည့် မြန်မာနေရှင်နယ်လိဂ်လို အသွေးအရောင်စုံသည့် ကလပ်အသင်းများ ကစားသည့်ပွဲမျိုးမဟုတ်။ ဘဏ္ဏာအခွန်၊ စီးပွားကူးသန်း၊ မြို့တော်စည်ပင် စသော ဝန်ကြီးဌာန ဘောလုံးအသင်းများကစားသည့် အဆင့်မြင့်တန်းပွဲများသို့ အများဆုံးရောက်ဖြစ်သည်။ ထိုစဉ်ကာလထဲက ဝေဖန်မှုဒဏ် အများဆုံးခံရသည့် မြန်မာ့ဘောလုံးလောက မှာ ယခု ထက်တော့ ပို၍ အားရစရာ ကောင်းသေးသည်ဟု အထင်ရောက်မိ၏။ ဘာရယ်မဟုတ် ကိုယ့်အကြောင်းကိုယ်တွေးရင်း ရရှိမသည့် အတွေးတစ်စ ပဲဖြစ်သည်။ ယခုမူ ကွင်းထဲရောက်ဖို့ဝေးစွ ရုပ်မြင်သံကြားမှပင် သေသေချာချာ မကြည့်နိုင်။ တချိန်က (သက်တန်းအလိုက် များအပါအဝင်) မြန်မာ့လက်ရွေးစင်ဘောလုံးသမားအားလုံးနီးပါး၏ အမည်နှင့် နံပါတ်ကို အလွတ်ရခဲ့သော်လည်း ယခုမူ နာမည်ကြီး တစ်ယောက်စ နှစ်ယောက်စ ကိုပင် မမှတ်မိချင်တော့။

တစ်ခါတစ်ရံ နာမည်ကြီးလဘက်ရည်ဆိုင်များ သို့ တစ်ဆိုင်ပြီးတစ်ဆိုင်လျှောက်သွားထိုင်ဖြစ်ကြသည်လည်းရှိသည်။
မကြာခဏ ဆိုသလို အိမ်တစ်အိမ်တွင် သူငယ်ချင်းများ စုဖွဲ့၍ ညလုံးပေါက် ဖဲရိုက်တတ်ကြသည်လည်းရှိသည်။ အများဆုံးက ကျနော့အိမ်တွင်ဖြစ်သည်။ ဖဲရိုက်သည်ဟုဆိုရာတွင်လည်း ပိုက်ဆံကြေးကစားသည်မှာ မှန်သော်လည်း နိုင်သည့်လူက မနက် လဘက်ရည်ဝိုင်းရှင်းရသည့် အစဉ်အလာရှိပေရာ ဖဲနိုင်ခြင်းမှာ မသက်သာ။ တစ်ခါတစ်ရံ ကိုယ့်အိတ်က စိုက်ရသည်ပင် ရှိသေးသည်။

ဖြစ်နိုင်လျှင် စိတ်ကူးတည့်ရာ လျှောက်သွားချင်သည်။ အကြောင်းမဲ့ မြို့ပတ်ရထား ကို ပတ်ပြီး စီးချင်သည်။ သူငယ်ချင်းများ နှင့် ညလုံးပေါက် ဖဲကစားချင်သည်။ ညနေ လေးနာရီကန်မည့် ဘောလုံးပွဲ ကြည့်ရန် နေ့ခင်း ဆယ့်နှစ်နာရီ ထဲက ထိုင်စောင့်နေချင်သည်။ စိတ်ကူးတည့်သည့် အရာတိုင်း လိုက်မလုပ်နိုင်တော့။ အားလပ်ရက် တနင်္ဂနွေ ဆိုသည်ကလည်း နှစ်ဆယ့်လေးနာရီလုံး ဘယ်လိုကုန်သွားမှန်း မသိကုန်ဆုံးသွားသည်က များသည်။

“ဖြူစင်တဲ့ နှလုံးသားလေးဟာ
အရောင်အမျိုးမျိးစွန်းထင်နေပြီ
ဆန္ဒလွန်ကဲ စိတ်အလို လိုက်လွယ်
အသုံးမဝင်တဲ့ နောင်တတွေ
လှုံ့ဆော်ကာကြေကွဲနေ”

အချိန်တွေ တရွေ့ကုန်ဆုံးသွားတိုင်း အသက်က တတိတိ ကြီးလာ၏။ မဖြစ်မနေ ဆိုသော ဖြေရှင်းချက်များ၊ မကောင်းတတ်၍ ဆိုသည့်ဆင်ခြေများ၊ တပါးသူ စိတ်ကွက်သွားမည်ကို ကြောက်သည့် အကြောင်းပြချက်များ၊ စသည်၊ စသည် တို့က မြွေနဂါးများ အလား ကိုယ်ကိုရစ်ပတ်ထားကြသည်။ ငွေကြေးကိုငဲ့ပြီး ချမိသည့်ဆုံးဖြတ်ချက်များ ကိုဆန်းစစ်ကြည်မိသည့် အခါ ကိုယ့်ကိုယ်ကိုပင် မသတီချင်တော့။

ငယ်စဉ်ထဲက မက်ခဲ့သည့်အိပ်မက်များ အရောင်ပျယ်လုနီးပါး ဖြစ်လာသောအခါ. . စိတ်ဓါတ်ကျချင်လာသည်။  ဖြစ်ချင်တာတွေ က လက်တွေ့ နှင့် တရွေ့ရွေ့ဝေးကွာ လာသည့်အခါ. . လူးလဲထဖို့ ကိုပင် မေ့လျော့လာသည်။ နောင်တ ဆိုသည့် စကားလုံးကို တွင်တွင်သုံးလည်း ဆေးမမီတော့။

အတတ်နိုင်ဆုံးတော့ မက်ခဲ့ဖူးသည့် အိပ်မက်များကို အရောင်အသွေးစုံအောင် ဖန်တီးခဲ့ချင်သည်။ ဖြစ်ချင်ခဲ့ဖူးသည့် အရာများထံ မရောက်လျှင်တောင် အနီးဆုံးနေရာမှ လမ်းမျှော်ကြည့်ခွင့် ကိုလိုချင်မိသည်။

ဖြစ်နိုင်မည်ဆိုလျှင်တော့ သီချင်းထဲကလို အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါလောက်ပဲဖြစ်ဖြစ်ပြန်ပြီး လိုချင်နေမိသည်။

ချစ်ခြင်းမေတ္တာကို အကြောင်းပြု၍
နေမိုးဝေ
၂၄.၈.၀၁၄


No comments: