အဲဒီညနေခင်းဟာ မိုးတွေအရမ်းသည်းနေခဲ့တယ် ဆိုတာကလွဲလို့ ကိုယ်ဘာမှ
မသိခဲ့ဖူး။ မိုးတွေကြားမှာ လမ်းလျှောက်နေခဲ့မိတယ်ဆိုပေမဲ့ ဘယ်ကလာလို့
ဘယ်ကိုသွားနေခဲ့သလဲဆိုတာလည်း တွေးလို့မရဘူး။ တလမ်းလုံး ကိုယ်ကလွဲလို့
ဘယ်သူမှ မရှိ။
တခါတခါမှာတော့ ဘေးနားက ဖြတ်သွားတဲ့ ကားတချို့
ရှိပါရဲ့။ အဲဒီလို ကားတွေဖြတ်သွားတဲ့အခါ လမ်းဘေးမှာအိုင်နေတတ်တဲ့ ရေပြင်ပေါ်
အရှိန်ပြင်းပြင်း ဖြတ်သွားတတ်ကြလို့ လျှောက်လာတဲ့ ကိုယ့်ကို
ရေတွေလာစင်တဲ့အခါ အလူးအလဲ ပြေးရှောင်လိုက်မိသေးတယ်။ တကယ်က
မိုးသည်းသည်းမည်းမည်းကြားထဲမှာ အမိုးအကာမပါပဲ လျှောက်လာခဲ့လို့ တကိုယ်လုံးက
ရွှဲရွှဲစိုနေပြီ။ ဒီလိုအတွေးက ခေါင်းထဲဝင်လာခဲ့တော့
နောက်ထပ်ရေအိုင်တွေပေါ်ကို အရှိန်နဲ့ဖြတ်မောင်းတဲ့ ကားတွေရောက်လာတဲ့အခါ
ကားမောင်းသူကို တချက်ငဲ့စောင်းကြည့်ပြီး ပျစ်ပျစ်နှစ်နှစ် ဆဲရေးလိုက်ဖို့
ဆုံးဖြတ်ခဲ့တယ်။ ဒါမှမဟုတ် အဲဒီလို ဆုံးဖြတ်လိုက်မိတယ်လို့ ထင်တယ်။
အံ့သြစရာကောင်းတာက အဲ့ဒီဆုံးဖြတ်ချက် ချပြီးတဲ့နောက် ဘယ်လိုကားတစီးတလေမှကို
လမ်းမပေါ်မှာမတွေ့ရတော့တာပဲ။ အဝေါဝေါရွာနေတဲ့မိုးရယ်၊
တခြားဘယ်သူမှမရှိတဲ့လမ်းမကြီးရယ်၊ ကိုယ်ရယ်။
တဖြည်းဖြည်းမိုးက
ပိုသည်းလာတယ်။ မိုးသံလေသံတွေဟာ ပိုပိုပြီး ဆူညံလာတယ်။ ဘယ်လောက်ထိအောင်
အသံတွေဆူညံလိုက်သလဲဆိုရင် အပ်ကျသွားရင်တောင် ကြားရလောက်တယ်ဆိုတဲ့
တိတ်ဆိတ်မှုမျိုး လို့ ထင်ရလောက်အောင် ဆူညံလာခဲ့တာ။ ဒီလိုအခြေအနေမျိုးမှာ
ကိုယ်ဟာ လမ်းမပေါ်မှာဆက်ရှိမနေသင့်ဘူးလို့ တွေးမိသွားတာ
ဘာကြောင့်မှန်းကိုယ်အဖြေရှာမရခဲ့။
အနီးအနားက ဈေးဝယ်စင်တာ
တစ်ခုဆီကိုသွားတဲ့ လှေခါးထစ်တွေပေါ်မှာ ကိုယ့်ခြေထောက်တွေက စနစ်တကျ
တက်လှမ်းနေမိတာ။ ဒီလိုနဲ့ ဈေးဝယ်စင်တာ အဝင်အဝမှာရှိတဲ့ အမိုးအောက်ကို
ကိုယ်ရောက်လာခဲ့တယ်။ ဘောင်းဘီအိတ်ကတ်ထဲ လက်နှိုက်လိုက်တော့ ကိုယ်သောက်နေကျ
စီးကရက်ဘူးကိုစမ်းမိတယ်။ တကယ်ဆို ကိုယ်ဟာ ဆေးလိပ်နဲ့ အဆက်အသွယ်ပြတ်တာ
နှစ်ပေါင်းများစွာကြာခဲ့ပြီပဲ။ ဒါပေမဲ့ လက်တလောအခြေအနေအရတော့
ကိုယ်မက်မက်မောမော ဖွာရှိုက်ပစ်လိုက်တယ်။ အသာသာပြေသလိုခံစားသွားရတဲ့အချိန်
လာရာလမ်းကို ပြန်ကြည့်လိုက်တော့ မြင်ကွင်းက လုံးဝဥသုံ ခြားနားသွားပြီ။
ဈေးဝယ်စင်တာနဲ့
ကပ်ရက် ရှိနေတဲ့ ဘတ်စ်ကားဂိတ်။ ဆင်းလာတဲ့လူတွေ၊ တက်သွားကြားတဲ့လူတွေ။
မှတ်တိုင်မှာ လာရပ်တဲ့ကားတွေ၊ မှတ်တိုင်ကနေထွက်သွားတဲ့ကားတွေ၊
မလှမ်းမကမ်းမှာ ဘူတာရုံလို့ ယူဆလို့ ရတဲ့နေရာမှာလည်း ဆိုက်ရောက်လာသူတွေ၊
ထွက်ခွာသွားသူတွေ။ သတိထားကြည့်လိုက်တော့ မြင်နေရတဲ့ သူတွေအများစုဟာ
ကိုယ်နဲ့ မတူတဲ့လူမျိုးတွေ ဖြစ်နေတယ်။ ကိုယ်ဟာ
အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကိုရောက်လာခဲ့တာ ဘယ်တုန်းကလည်း ဆိုတာ
ဘယ်လိုမှ တွေးလို့မရတော့ဘူး။ ကိုယ်စလျှောက်လာတုန်းက အခြေအနေနဲ့ တူတာဆိုလို့
မိုးသည်းကြီးမည်းကြီးရွာနေတာပဲ ကျန်တော့တယ်။ အခြေအနေတခုဟာ ဒီလိုမျိုး
ရုတ်ချည်း ပြောင်းလဲသွားလို့ ရသလား။
ဘာမှထပ်မစဉ်းစားချင်တော့လို့
သောက်လက်စ စီးကရက်ကို ပစ်ချပြီး ခြေထောက်နဲ့ နင်းခြေလိုက်ပြီး ဈေးဝယ်စင်တာ
အတွင်းပိုင်းကို လျှောက်လာခဲ့မိတယ်။ ဘေးနားက ဖြတ်သွားတဲ့ အသားဖြူဖြူ
အရပ်မြင့်မြင့်နဲ့ ဘောင်ဘီတိုတိုလေးဝတ်ထားတဲ့ ဆံပင်ရွှေရောင် ကောင်မလေးရဲ့
ပေါင်တံသွယ်သွယ်လေးတွေ ကို လိုက်ကြည့်မိရင်းက သူလျှောက်ရာနောက်ကို
လိုက်နေသလိုဖြစ်မိသွားတလား၊ ကိုယ်ဟာ ရည်ရွယ်ချက်မဲ့ လမ်းလျှောက်မိနေတာလား
ဝေခွဲလို့ မရဘူး။ သေချာတာကတော့ သူဝင်သွားတဲ့ စာအုပ်အရောင်းဆိုင်
တဆိုင်ထဲကို ကိုယ်လဲ လိုက်ဝင်သွားမိတာပါပဲ။
စာအုပ်ဆိုင်ထဲရောက်သွားတဲ့အခါ
အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ ဘောင်ဘီတိုတိုလေးဝတ်ထားတဲ့ ဆံပင်ရွှေရောင်
ကောင်မလေး ကို အရိပ်အယောင်တောင် မမြင်ရတော့။ ကိုယ်လည်း သူ့ကိုမေ့သွားပြီ။
ဟိုဟိုဒီဒီလိုက်ကြည့်ရင်း အချိန်တော်တော်ကုန်သွားခဲ့တယ်။ ဆိုင်ထဲက
ပြန်ထွက်လာတော့ လက်ထဲမှာ စာအုပ်တစ်အုပ်ပါလာတာ သတိထားမိလိုက်တယ်။
အဲဒီစာအုပ်အတွက် ကိုယ်ငွေရှင်းခဲ့ရလား၊ တစုံတယောက်က ကိုယ့်ကို
လက်ဆောင်ပေးလိုက်တာလား၊ ဒါမှမဟုတ် ကိုယ်အလစ်သုတ်ခဲ့တာလား။ ဘာမှသေသေချာချာ
မသိဘူး။ သေချာတာ ကိုယ့်လက်ထဲမှာ စာအုပ်တစ်အုပ်ပါလာတယ်။
ဘာမှဆက်မစဉ်းစားနေတော့ပဲ
လက်ထဲ ပါလာတဲ့စာအုပ်ကို ဖတ်ဖို့ နေရာကိုလိုက်ရှာရင်း ဈေးဝယ်စင်တာထဲ
ဆက်လျှောက်နေမိတယ်။ နောက်ဆုံးတော့ အေးအေးဆေးဆေး ဖြစ်မယ်လို့ထင်ရတဲ့
ကော်ဖီဆိုင်တဆိုင်ထဲ ဝင်ဖို့ဆုံးဖြတ်လိုက်တယ်။ ဆိုင်ထဲကိုရောက်တော့
နို့မပါတဲ့ ကော်ဖီတစ်ခွက်မှာတယ်။ ကိုယ်မှာထားတဲ့ ကော်ဖီမရောက်ခင် လက်ထဲက
စာအုပ်ကို ထုတ်ကြည့်မိတယ်။ စာအုပ်က မူရာကာမိ ရဲ့ နော်ဝေဂျီယန်ဝုဒ် ဆိုတာပဲ
ကိုယ်စဉ်းစားလို့ရတယ်။ မူရင်းဂျပန်လိုရေးထားတဲ့စာအုပ်လား။
အင်္ဂလိပ်ဘာသာပြန်လား၊ အင်္ဂလိပ်လိုဆိုရင် ဘယ်သူပြန်ထားတဲ့မူလဲ၊
ကိုယ်တို့ဘာသာစကားနဲ့ ဘာသာပြန်ထားတာလား ဘာတခုမှ ကိုယ်မသိတော့ဘူး။ ဒါပေမဲ့
စာအုပ်ထဲက စာသားတွေကို ကြည့်လိုက်တော့ ကိုယ်နားလည်တာတော့ မှတ်မိတယ်။
ကိုယ်မှာထားတဲ့
ကော်ဖီရောက်လာတယ်။ စားပွဲခုံပေါ်မှာရှိတဲ့ သကြားခွက်ကို
ကိုယ်တွန်းဖယ်လိုက်တယ်။ မြည်းကြည့်လိုက်တော့ ကော်ဖီဟာ ကိုယ့်အကြိုက်အရသာ။
ကော်ဖီကို တစ်ငုံထပ်ငုံလိုက်ပြီးတော့ စာအုပ်ကို စပြီးဖတ်ဖို့ကြိုးစားတယ်။
တကယ်ဆို ကိုယ်ဟာ ဒီစာအုပ်ရဲ့ ကိုယ့်ဘာသာစကားနဲ့ ဘာသာပြန်ထားတာကို
တဝက်ကျိုးတဲ့အထိ ဖတ်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဘယ်တော့မှ စာကို တဝက်က မလှန်တတ်တဲ့
အကျင့်ကြောင့် အဲဒီတဝက်ကနေ ရှေ့ကို ဆက်မရောက်နိုင်ခဲ့တာ။ ဒီအချိန်မှာတော့
အခြေအနေပေးရင် အဆုံးထိအောင် ဖတ်မယ်လို့ စိတ်ကူုးမိလိုက်သေးတယ်။
တိုက်တိုက်ဆိုင်ဆိုင် ကော်ဖီဆိုင်ထဲမှာ ဘီတဲလ် သီချင်းတွေဖွင့်ထားလို့
နော်ဝေဂျီယန်ဝုဒ် သီချင်းများ ကြားရလေဦးမလားလို့ စိတ်ကူးမိသေးတယ်။
သေသေချာချာ စဉ်းစားကြည့်တော့ အဲဒီကိစ္စဟာ မဖြစ်နိုင်ဘူး။ ကိုယ်ဟာ
ဒီလိုစိတ်ကူးယဉ်မှုတွေကို ဆယ်ကျော်သက် ဘဝကိုကျော်လွန်ပြီးခဲ့တဲ့နောက်ပိုင်း
ဘယ်တော့မှ ထပ်မကျူးလွန်ခဲ့တာ ဆယ်စုနှစ်များစွာ တိုင်ခဲ့ပြီ။
ပထမဆုံး
စာအုပ်ကို ဖွင့်ဖတ်လိုက်တော့ ကိုယ်အံ့သြသွားတယ်။ ဇာတ်လမ်းထဲမှာ နာအိုကို
မပါဘူး။ ဝါတာနာဘီမပါဘူး။ ကီဇူးကီမပါဘူး။ စာအုပ်အဖုံးကို ပြန်ကြည့်လိုက်တော့
ကိုယ့်အထက်တန်းကျောင်းသားဘဝတုန်းက သင်ခဲ့ရတဲ့
သင်ရိုးစာအုပ်တစ်အုပ်ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ဖွင့်ထားတဲ့ သီချင်းသံဟာ
ဘီတဲလ် ရဲ့ နော်ဝေဂျီယန်ဝုဒ် ဖြစ်နေတာ တိတိကျကျ သိလိုက်တယ်။ အခု
ပြန်စဉ်းစားလိုက်တော့လည်း သိပ်မသေချာတော့ပြန်ဘူး။ မှတ်မိနေတာတခုက ကိုယ့်
အရှေ့ဘက်ကစားပွဲကို ပေါ့စတားပုံပေါက်နေတဲ့ ကောင်မလေးတစ်ယောက် လျှောက်လာတာ။
ကိုယ်ဟာ ဝင်ပေါက်ကို ကျောပေးပြီး ထိုင်နေတာမို့ သူဝင်လာတာ
ကိုသတိမထားမိလိုက်ဘူး။ ခန္ဓာကိုယ်တစ်နဲ့ တသားထဲဖြစ်နေတဲ့
ဂါဝန်တိုတိုကြပ်ကြပ်လေးကို ဝတ်ထားပြီး ဆံပင်တွေကို စုပီး ထုံးနှောင်ထားတဲ့
အဲဒီကောင်မလေးဟာ ကိုယ်နဲ့ မျက်နှာချင်းဆိုင်ဘက်ခြမ်းမှာ ရှိတဲ့ ထိုင်ခုံမှာ
ထိုင်လိုက်မယ်ထင်လို့ ကိုယ်ရင်ခုန်နေမတယ်။
အဲဒီရင်ခုန်သံ
မဆုံးသေးခင်မှာပဲ သူ့ဘေးနားကိုသူနဲ့ မတိမ်းမယိမ်း
ကေင်လေးတစ်ယောက်ရောက်လာတယ်။ ပြီးတော့ နှစ်ယောက်သား ဟာ ကိုယ်မျက်နှာမူရာ
အရပ်ဘက်ကိုပဲလှည့်လို့ ထိုင်လိုက်ကြတယ်။ ကောင်မလေးရဲ့ ဂါဝန်ဟာ
ကျောကုန်းနေရာကို ဒီအတိုင်းလွှတ်ထားလို့ အထဲက အတွင်းခံအင်္ကျီကို ပြင်နေရတယ်။
ဒီလို မျိုးဝတ်စုံတွေဆိုတာ အဲဒီလို မဝတ်ရဘူး မဟုတ်လား . .။ သေချာတာတခုကတော့
အတွင်းခံအင်္ကျီ ရဲ့ ကြိုးနှစ်စကို ချိတ်ထားတဲ့ ချိတ်မှာ ကပ်နေတဲ့
သံချေးတွေဟာ ဒီကောင်မလေးရဲ့ အလှကို ဖုံးအုပ်မသွားနိုင်သေးဘူး။ သူတို့
မှာထားတဲ့ ကော်ဖီရောက်လာတော့ ကောင်မလေးဟာ သူ့ဂါဝန်အောက်အနားစ ကို ဆွဲချတယ်။
ပြီးတော့ ခြေထောက်နှစ်ချောင်းကို ချိတ်လိုက်တယ်။ ကိုယ်ကတော့
ဒီ့ထက်ပိုပြီး ကြည့်မနေသင့်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
ကော်ဖီကို တကျိုက် သောက်လိုက်တယ်။ အရသာက အရမ်းကြီး အေးစက်မသွားသေးဘူး။ စာဖတ်ဖို့အတွက် အာရုံမရတော့ဘူး။ သီချင်းသံကတော့ ကြားနေရတုန်းပဲ
She asked me to stay and she told me to sit anywhere
So I looked around and I noticed there wasn't a chair
ပါးစပ်ကတောင်
လိုက်ညည်းနေမိလား သေချာမမှတ်ဘူး။ ဒါပေမဲ့ ဖြစ်သင့်တာ ကိုယ်ဒီက
ထထွက်သွားသင့်နေပြီ။ လက်ကျန်ကော်ဖီကို တကျိုက်ထဲ မော့သောက်ပစ်လိုက်တယ်။
ကော်ဖီကို
သောက်နေတုန်း ကိုယ့်ကို တစုံတယောက်က ကြည့်နေတယ်လို့ ခံစားလာရတယ်။
ကိုယ့်ကို စူးစူးရဲရဲ ကြည့်နေသူဟာ ညာဘက် ဓါးလွယ်ခုတ်လောက်မှာ ထိုင်နေတဲ့
အမျိုးသမီးပဲလို့ ထင်လိုက်မိတယ်။ သူ့ကို အကဲခတ်ကြည့်တော့ ကိုယ့်ကို လုံးဝ
သတိမထားမိတဲ့ ပုံစံမျိုးနဲ့။ အံ့သြဖို့ကောင်းတာက သူ့ကို မြင်လိုက်ရတဲ့
အချိန်မှာ ခုန ခံစားနေရတဲ့ တစုံတယောက်က ကြည့်နေတယ်ဆိုတဲ့ ခံစားချက်မျိုး
မခံစားရတော့ဘူး။ ဒါနဲ့ပဲ နောက်တကြိမ် ဒီက ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ မထခင်
အဲဒီအမျိုးသမီးဆီ ထပ်ကြည့်လိုက်မိတယ်။ မျက်နှာ ကို ထပ်ကြည့်ရမှာ အားနာသလို
ရှိုးတိုးရှန်းတမ်း ဖြစ်မိသွားလို့ ခြေထောက်တွေကိုပဲ လှမ်းကြည့်လိုက်တဲ့
အခါ မျှော်လင့်မထားတဲ့ အနေအထားကို တွေ့လိုက်ရတယ်။ မျက်နှာလွှဲလိုက်တယ်။
ကိုယ်တကယ်မထဖြစ်သေးဘူး။ သီချင်းဟာ တခြားတစ်ပုဒ်ဆီ မသွားပဲ
နောက်တကျော့ထပ်လာတယ်။ ကိုယ်ဟာ သီချင်းကို နားထောင်ရင်း။ လိုက်ညည်းရင်း
အဲဒီအမျိုသမီးရှိရာဆီ ကိုယ့်မျက်လုံးတွေက ထပ်ကာထပ်ကာရောက်သွားတယ်။ အဲဒီလို
ရောက်သွားတိုင်း ကိုယ့်မျက်လုံးတွေနဲ့ သူ့မျက်လုံးတွေ မဆုံမိအောင်
ကြိုးစားပမ်းစား တိမ်းရှောင်ရသေးတယ်။
And when I awoke I was alone, this bird had flown
So I lit a fire, isn't it good, norwegian wood?
ဒီတခါ
သီချင်းပြီးသွားတော့ နောက်တခေါက်ထပ်မကျော့တော့ပဲ တခြားသီချင်းတပုဒ်ဆီ
ကူးပြောင်းသွားပြီ။ ကိုယ်လည်း တတိယ အကြိမ်မြောက်ဆုံးဖြတ်ချက်ချပြီး
ဆိုင်ထဲကနေ သေချာပေါက်ထွက်လာခဲ့တယ်။ မထွက်ခင် ဟိုအမျိုးသမီးကို နှစ်ခါလား
သုံးခါလား ထပ်ကြည့်လိုက်မိသေးတယ်။
ဈေးဝယ်စင်တာ အပြင်ဘက်ကို
ရောက်တော့ မိုးတိတ်နေပြီ။ ပတ်ဝန်းကျင်မှာ လူတွေတော့ ရှိနေသေးပေမဲ့
အထဲမဝင်ခင် ကိုယ်မြင်ခဲ့ရတဲ့ ကားမှတ်တိုင် လည်းမရှိတော့၊ ဘူတာရုံလို့
ထင်ရတဲ့ အရာလည်း မတွေ့တော့။ လူတွေအားလုံးကလည်း ကိုယ်နဲ့
တနိုင်ငံထဲသားတွေပြန်ဖြစ်နေလို့ . . ။ သတိရလို့ လက်ထဲကြည့်တော့လည်း
ဘာစာအုပ်မှ ပါမလာခဲ့ဘူး။ ဆိုင်ထဲမှာ ကျန်ခဲ့တယ်လို့ ထင်လိုက်မိပေမဲ့
မသေချာလှဘူး။ အားလုံးကို ကျောခိုင်းပြီး လျှောက်ပြန်လာခဲ့တယ်။
လမ်းတလျှောက်ကလည်း ကိုယ်လာခဲ့တုန်းကလို တိတ်လို့၊ ဆိတ်လို့၊
ခြောက်သွေ့လို့။ ကိုယ့်ကလွဲ ဘယ်သူမှမရှိ။ မိုးတိတ်သွားပေမဲ့
ကိုယ့်တကိုယ်လုံးဟာ ရွှဲစိုနေတုန်း။ လောလောဆယ် ကိုယ်ဖြစ်စေချင်တာ တစ်ခုပဲ
ရှိတယ်။ အဲဒါဟာ နောက်နေ့တွေ မှာ မိုးသည်းကြီးမည်းကြီး ဆက်မရွာဖို့ပဲ။
တကယ်လို့ မိုးကဆက်တိုက်ရွာနေမယ်ဆိုရင် အဝတ်အစားတွေမှာ စွဲကပ်နေတဲ့
မှိုနံ့တွေရမှာ ကိုယ်က တွေးမိပြီး ရင်မောနေတတ်လို့ပါပဲ။ အထူးသဖြင့် အခုလို
တကိုယ်လုံး စိုရွှဲအောင် ဝတ်ထားရတဲ့ အဝတ်အစားမျိုး ဆိုရင်ပေါ့။ ။
နောက်ဆက်တွဲ။ အဲဒီနေ့ကစလို့ နောက် ထပ် တပတ်တိတိ မိုးက အငြိုးတကြီး နဲ့ ရွာနေတုန်းပါ။
ချစ်ခြင်းမေတ္တာကို အကြောင်းပြု၍
နေမိုးဝေ
၂၄.၆.၂၀၁၅
No comments:
Post a Comment